ပညာထိပ်တန်းနိုင်ငံများမှ အတုယူစရာများ

May 3, 2016

ပညာထိပ်တန်းနိုင်ငံများမှ အတုယူစရာများ

လွန်ခဲ့သော အနှစ် ၅၀ က တောင်ကိုးရီးယားနှင့် ဖင်လန်နိုင်ငံတို့၏ ပညာရေးစနစ်မှာ အလွန်ပင် ဆိုးဝါးနိမ့်ကျနေခဲ့ပါ၏။ ဖင်လန်နိုင်ငံမှာ ဥရောပ၏ စီးပွားရေး မွေးစားသား အဆင့်မျှသာ ရှိရတော့မည့်ပုံ။ တောင်ကိုးရီယားမှာမူ ပြည်တွင်းစစ်ပွဲများနှင့် နပန်းလုံးနေလျက်။ သို့ရာတွင် ရာစုနှစ်ဝက် ကုန်လွန်ခဲ့ပြီးနောက်ဝယ် တောင်ကိုးရီးယားနှင့် ဖင်လန် ၂ နိုင်ငံစလုံးမှာ သူတို့၏ ကျောင်းများကို ပြောင်းပြန်လှန် ပြောင်းလဲပစ်နိုင်ခဲ့လေပြီ။ ၂၁ ရာစု ပထမ ဆယ်စုနှစ် ကာလများ တွင် ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်တို့ကို ပိုင်ဆိုင်ထားရှိသော နိုင်ငံများအနေဖြင့် ပညာဂုဏ် တင့်တယ်လျက် ရှိနေကြသည်။ ဤဆန့်ကျင်ဖက်တို့ စုဝေးထားရှိသော ပညာထိပ်တန်း ၂ နိုင်ငံမှ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် မည်သို့ အတုယူနိုင်ပါ မည်နည်း။ ပထမဦးစွာ ပညာအောင်ပွဲခံနေသည့် တောင်ကိုးရီယားနှင့် ဖင်လန်နိုင်ငံတို့၏ ပညာရေး စနစ်ထဲမှ ရွေးချယ်မှု မှန်ကန်ခဲ့သော ဆုံးဖြတ်ချက်များကို လေ့လာကြည့်သင့်ပါသည်။ ကိုးရီးယားပုံစံ - အနာခံမှ အသာစံရမည့် ပညာရေး ပုံစံခွက်အတိုင်း အလွန်အမင်း ကြိုးစားအားထုတ် အလုပ် လုပ်ခိုင်းခြင်းဟု ဆိုရမည်။ ရာစုနှစ်ပေါင်း များစွာပင် အာရှတိုက်အတွင်း ဒေသအတော်များများတွင် လူမှုစီးပွား လှေကားထစ်တွင် တက်လှမ်း၍ အောင်မြင်မှု ရရှိရန်နှင့် အလုပ်တည်မြဲစေရန်မှာ ဤနည်းဖြင့် စာမေးပွဲများကို ၀င်ရောက်ဖြေဆို အောင်မြင်ရန်မှတပါး အခြားနည်းလမ်း မရှိခဲ့ပါ။ ရေမြေ့ရှင် မင်းတရားကြီး၏ ကိုယ်စားပြု စာစစ်ဆေးသူများက ဦးစီးကျင်းပသော စာမေးပွဲများဖြစ်သည်။ အသိပညာ၊ ဗဟုသုတများ ပြည့်စုံ ကြွယ်ဝဖို့လိုအပ်သည်။ စာမေးပွဲကို ဖြေဆိုရခြင်းမှ အလွန်အမင်း စိတ်ပင်ပန်းဆင်းရဲ ဒုက္ခများလှသည့် အာဂုံဆောင်ရခြင်းပင်ဖြစ်၏။ ယနေ့မျက်မှောက်ခေတ် တွင်လည်း ကွန်ဖျူးရှပ်အယူဝါဒကို လက်ခံကျင့်သုံးသည့် တိုင်းပြည်များတွင် ဤကဲ့သို့သော ပညာရေးစနစ်များကို စာမေးပွဲယဉ်ကျေးမှုဖြင့် မြှင့်တင်နေကြတုန်းပင်ဖြစ်သည်။ ၂၁ ရာစု ပညာရေး အတွေးအခေါ်သစ်များ၊ ကလေးဖွံ့ဖြိုးမှူ သုတေသနများ၊ သင်ကြားခြင်း-သင်ယူခြင်းဖြစ်စဉ်များအရ ဤကဲ့သို့ စာမေးပွဲကို အလွန်အမင်း ဗဟိုပြုပညာရေးမှာ မညီမျှမှူများကိုသာ ဖြစ်စေသည်ဟူ၍ ထောက်ပြကြသည်။ ဤတိုင်းနိုင်ငံများထဲတွင် တောင်ကိုးရီးယားနိုင်ငံမှာ အလွန်အမင်း အစွန်းရောက်လှသည့် အခြေအနေဖြင့် သီးခြား ထင်ပေါ်လျက်ရှိသည်။ မေးခွန်းများထုတ်ရန် ရှိနေသော်လည်း အအောင်မြင်ဆုံး တိုင်းပြည်လည်း ဖြစ်နေပြန်ပါသည်။ ကိုးရီးယားတို့သည် အင်မတန်မှပင် ထူးခြားအံ့ဖွယ်ရာ အစွမ်းသတ္တိထူးကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်း၊ ရာနှုန်းပြည့် စာတတ်မြောက်သည့် တိုင်းပြည်ဖြစ်၏။ နိုင်ငံတကာ နှိုင်းယှဉ် စာမေးပွဲများတွင်လည်း ထိပ်တန်းအဆင့် အောင်မြင်မှုများကို ရရှိထားကြသည်။ ဝေဘန်ပိုင်းခြားဆန်းစစ်တွေးခေါ်ခြင်း critical thinking နှင့် ခွဲခြမ်း လေ့လာသုံးသပ်ခြင်း analysis စာမေးပွဲများ အပါအ၀င်ဖြစ်သည်။ သို့ရာတွင် အောင်မြင်မှုမှာ တန်ဖိုးကြီးကြီးတော့ ပေးရစမြဲ။ စာမေးပွဲတွင် ကောင်းကောင်းမွန်မွန်၊ ထူးထူးချွန်ချွန်ဖြင့် အောင်ပွဲဆင်နိုင်ရန် အလို့ငှါ ကျောင်းသားများအပေါ် မညှာမတာ၊ ပြင်းထန်၊ ရက်စက်လှသော ဖိအားပေးမှုများ ထားကြတော့သည်။ ဗီဇစွမ်းရည်ကိုတော့ ထည့်သွင်း စဉ်းစားခြင်း မရှိကြ။ ရိုးရာယဉ်ကျေးမှုက အလုပ်ကြိုးစားခြင်းနှင့် ၀ီရိယအပေါ်မှာသာ အခြားအရာ များထက် ယုံကြည်ထားသည်။ ရှုံးနိမ့်မှုအတွက် ဖြေရှင်းချက် ပေးလို့မရ။ ကျောင်းမှာကော၊ ကျူရှင်မှာပါ ကလေးများ နှစ်ပေါက် လေ့လာကြရတော့သည်။ အပတ်တကုတ် လေ့လာ ကြိုးစားပါ က စမတ်ကျမည်ဟု သူတို့က ဆိုထားသည်။ “ကိုးရီးယားတွေက ဒီလို ယုံကြည်ကြတယ်။ ငါ့ရဲ့ အနာဂတ် အောင်မြင်လှပဖို့ရာအတွက် ဒီ အင်မတန်မှ ကြမ်းတမ်း ခက်ထန်လှတဲ့ အချိန်ကာလကို ကျော်ဖြတ်ဖို့ ငါဟာ လိုအပ်တယ်။” နိုင်ငံတကာစာမေးပွဲ PISA ပီဆာအဖွဲ့ကြီး၏ ပညာရေးနှင့် စွမ်းရည် ဒါရိုက်တာဖြစ်သူ အန်ဒရိယာ့စ် ရှလေ့ချာကဆိုပါသည်။ “ရေတိုခဏလောက် မပျော်ရွှင်ရမှုဟာ ရေရှည် ပျော်ရွှင်မှုအတွက်ပါပဲ။” မိဘများကသာလျှင် ကလေးများကို ဖိအားပေးကြသည် မဟုတ်ပါ။ ရိုးရာယဉ်ကျေးမှုထဲတွင် ပုံစံတူညီခြင်းနှင့် အမိန့်နာခံတတ်မှုကို အလေးထားကြသည်ဖြစ်ရာ အခြားရွယ်တူ ကျောင်းသား များထံမှလည်း ကြိုးစား အားထုတ်ခြင်းအတွက် ဖိအားပေးမှုမျိုး ရှိနေလေသည်။ ဤကဲ့သို့ အမြင်သဘောထားမှာ မူကြိုအရွယ်ကပင် ရှိနေကြောင်းကို ဂျော်ဂျီယာတက္ကသိုလ်မှ မူကြိုပညာရေး ပါမောက္ခဂျိုးတိုဘင်က ထောက်ပြထားသည်။ အခြားအာရှနိုင်ငံများကဲ့သို့ပင် ကိုးရီးယား စာသင်ခန်းများမှာလည်း အရွယ်အစားမှာ အလွန်ကြီးမား တတ်သည်။ အနောက်တိုင်းမိဘများ မနှစ်သက်နိုင်သည့် စာသင်ခန်း အရွယ်အစားပင်ဖြစ်သည်။ သို့သော် ကိုးရီးယားမှာတော့ စာသင်ခန်းကို လူ့အဖွဲ့အစည်းငယ်လေး တစ်ခုအနေဖြင့် ဆရာဖြစ်သူ က ဦးဆောင်မှုပြုပြီး ကလေးအချင်းချင်း ဆက်ဆံရေးကိုလည်း ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ရှိသည်ဟု ဆိုသည်။ အမေရိကန် မူကြို စာသင်ခန်းများထဲတွင်တော့ ဆရာ၏ ဦးတည်ချက်မှာ ကလေး - ဆရာ ဆက်ဆံရေးကို တစ်ဦးချင်းအလိုက် တိုးတက်စေရန်နှင့် ကလေးအချင်းချင်း ဆက်ဆံရေးတွင် ဆရာက ပုံမှန်ဝင်ရောက် ထိန်းညှိပေးရန်ဖြစ်သည်။ “ကလေးတွေကို ပညာသင်ကြားပေးရာ မှာတော့ ပိုကောင်းမွန်တဲ့ နည်းလမ်းနဲ့ အတော့်ကို ဆိုးရွားလှတဲ့ နည်းလမ်းဆိုပြီး ၂ နည်းရှိတယ်လေ” စမတ် အကျဆုံးကလေးများ စာအုပ်ကို ရေးသားပြုစုခဲ့သူ အမန်ဒါရစ်ပလေက ဆိုပါသည်။ “တချိန်တည်းမှာပဲ သာမန်အမေရိကန်ပညာရေးနဲ့ သာမန်ကိုးရီးယားပညာရေးစနစ် ၂ ခုအကြားမှာ တစ်ခုခုကို ကျွန်မရဲ့ ကလေးအတွက် ရွေးချယ်ရတော့မယ်ဆိုရင် ကျွန်မဟာဖြင့် (တုန့်ဆိုင်းစွာနဲ့) ကိုးရီးယားကျောင်းကိုပဲ ရွေးချယ်ခဲ့ပါလိမ့်မယ်။ တကယ့်ဘ၀အမှန်ကတော့- ဒီနေ့ မျက်မှောက်ခေတ် ကလေးတွေဟာ ဘယ်လိုဘယ်ပုံ သင်ယူလေ့လာရမယ်ဆိုတာကို သိဖို့ လိုပါလိမ့်မယ်။ အလုပ်ကို ဘယ်လိုကြိုးစားပမ်းစား လုပ်မှဖြစ်မယ် ဆိုတာကို သိဖို့လိုတယ်၊ နောက်ပြီးတော့ ကျရှုံးခဲ့မယ်ဆိုရင်တော့လည်း ထပ်ခါထပ်ခါ ကြိုးစား လုပ်ကိုင်လိုစိတ် ရှိဖို့လိုတယ်။ ကိုးရီးယားကျောင်း ပညာရေးစနစ်က ဒါတွေကို လေ့ကျင့်သင်ကြား ပေးနေတယ်။” ဖင်လန်ပညာရေးစနစ် - တွဲဖက်သင်ရိုး ရွေးစရာများနှင့် ကိုယ်တိုင်တက်ကြွ စာသင်ကြ။ အခြားတစ်ဖက်တွင်မူ ကမ္ဘာ့အကောင်းဆုံး တစ်ခုဖြစ်သည့် ဖင်လန်ပညာရေးစနစ်က ပြင်းပြင်းထန်ထန် ကြိုးစားရခြင်းနှင့် ရွေးချယ်မှုများခြင်းတို့ဖြင့် ကျောင်းသားများကို သင်ကြားလျက် ရှိနေသည်။ ပညာရေးသမား အများစုကြီးကတော့ ဖင်လန်ပညာရေးပုံစံမှာ ယူတိုးပီးယားဆန်သည် ဟု ဆိုကြသည်။ ဖင်လန်နိုင်ငံတွင် စာသင်ကျောင်းမှာ ရပ်ရွာလူ့အဖွဲ့အစည်း၏ ဗဟိုချက်ပင် ဖြစ်ကြောင်း PISA ဒါရိုက်တာ ရှလေးချာကဆိုပါသည်။ ကျောင်းမှာ ပညာရေး ၀န်ဆောင်မှု သာမကဘဲ လူမှုရေး အကူအညီများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိသည်။ ပညာရေးဆိုသည်မှာ identity ပင်ကိုယ်သရုပ်ကို ပုံဖော်ဖန်တီးခြင်းဟု ခံယူထားကြသည်။ ဖင်နစ်ရှ်ယဉ်ကျေးမှုက မိမိကိုယ်တိုင် စိတ်အားထက်သန်မှုနှင့် စိတ်ဝင်စား ၀ါသနာပါရာကို လေ့လာလိုက်စားမှုအပေါ် တန်ဖိုးထားသည်။ ကျောင်းချိန် တိုတောင်းပြီး ကျောင်းတွင်းမှာပင် တွဲဖက်သင်ရိုး ရွေးချယ်စရာ အများကြီး ထားပေးသည်။ ရိုးရာယဉ်ကျေးမှုအရ ဖင်လန်လူမျိုးတို့က ဤသို့ ယုံကြည်ထားသည်။ “အရေးကြီးသည့် သင်ယူလေ့လာမှုများမှာ ကျောင်းပြင်ပတွင်သာ ဖြစ်ထွန်းကြသည်” ဟူ၍…။ နမူနာတစ်ခုမ္ခှာ အားကစားပင်ဖြစ်သည်။ ကျောင်းမှာထက် မြို့နယ်က စီစဉ်သင်ကြားပေးသည်။ အထက်တန်းကျောင်းသားများ၏ သင်ရိုးညွှန်းတမ်း ၃ ပုံ ၁ ပုံမှာ မိမိ ၀ါသနာပါရာကို လွတ်လပ်စွာ ရွေးချယ် သင်ယူလေ့လာနိုင်သည့် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များဖြစ်နေသည်။ မည်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုမည်ဆိုသည်ကို ကျောင်းသားကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိနေပြန်ပါသည်။ စိတ်ဖိစီးမှု အလွန်နည်းပါးလှသည့် ယဉ်ကျေးမှုဖြစ်ပြီးလျှင် သင်ယူလေ့လာမှု အမျိုးစုံ၊ ကျယ်ပြန့်ခြင်းကို တန်ဖိုးထားကြသည်။ ဤသို့ဆိုသော်လည်း ပြင်းပြင်းထန်ထန် အပတ်တကုတ် ကြိုးစားအားထုတ်မှုကိုတော့ လျော့ပါးစေခြင်း မရှိပါ။ “ဖင်လန်မှ သင်ခန်းစာယူစရာများ - ဖင်လန်ပညာရေး ပြုပြင်ပြောင်းလဲမှု များက ကမ္ဘာကြီးအတွက် သင်ခန်းစာ” စာအုပ်ကို ရေးသားပြုစုခဲ့သူ ဖင်လန်ပညာရေးသမား ပါစီဆာဘာ့ဂ်က ဤသို့ ဆိုထားသည်။ တိုင်းပြည်၏ သမိုင်းအရ ဥရောပစူပါ ပါဝါနိုင်ငံများ အကြားတွင် မြေဇာပင်ဖြစ်ခဲ့ဖူးသော အကြောင်းတရားက သူတို့ကို စိတ်အားထက်သန်စေ ခြင်းပင်…။ ယှဉ်ပြိုင်အပေါ်မှာ အလေးထား ဆက်ဆံတတ်စေရန် မူလတန်းအရွယ်ကတည်းပင် အသေအချာ လေ့ကျင့်သင်ကြားပေးသည်။ မနေ့က မိမိနှင့် ယနေ့ မိမိသည်သာလျှင် ယှဉ်ပြိုင်ဖက်ဟူ ရှူမြင်သုံးသပ်တတ်လာစေ၍ မိမိ၏ ကိုယ်စီ စွမ်းဆောင်ရည်ကို တိုးတက်စေသည်။ “အဲဒီအတွက် သော့ချက်ကတော့ ပညာရေးပါ၊ ဖင်လန်လူမျိုးများဟာ ဖင်လန်နိုင်ငံရဲ့ အပြင်ဖက်မှာ ရှင်သန်ရပ်တည် မနေနိုင်ကြဘူးလေ။” ဖင်လန်ပညာရေးသမားက ထောက်ပြထားသည်။ “အဲဒီတော့ လူထုဟာ ပညာရေးကို ပိုပြီးတော့ သဲကြီးမဲကြီး အလေးထားကြတယ်။ ဥပမာပြောရရင် ကျွန်မတို့ ပြောဆိုနေတဲ့ ဒီဟာသဆန်တဲ့ ဘာသာစကားကို အခြားဘယ်သူမှ မပြောကြဘူးလေ။ ဖင်လန်ဟာ ဘာသာစကား ၂ မျိုးကို ပြောဆိုတဲ့ တိုင်းပြည်ပါ။ ကျောင်းသားတိုင်းဟာ ဖင်လန်ဘာသာစကားနဲ့ ဆွီဒင် ဘာသာစကားတွေကို လေ့လာကြရတယ်။ အောင်မြင်လိုတဲ့ ဖင်လန်နိုင်ငံသားတိုင်းဟာ နောက်ထပ် ဘာသာစကားတစ်ခုကိုလည်း ကျွမ်းကျင်အဆင့် လေ့လာထားကြရတယ်။ အများအားဖြင့်တော့ အင်္ဂလိပ် ဘာသာစကားပါ၊ ပုံမှန်အားဖြင့်တော့ ဂျာမန်၊ ပြင်သစ်၊ ရုရှားနဲ့ အခြားသော ဘာသာစကားတွေကိုလည်း လေ့လာထားကြတာပါ။ ကလေး သေးသေးလေးတွေကအစ အခြားသော လူမျိုးတွေဟာ ဖင်လန်စကား မပြောကြဘူးဆိုတာ သိထားကြတယ်လေ။ ဘ၀မှာ တခြားဟာတွေ လုပ်ချင်တယ်ဆိုရင်ဖြင့် ဘာသာစကားတွေကို သင်ယူထားမှ ဖြစ်မယ်ဆိုတာကိုလည်း သူတို့က သိနှင့်နေကြပြီ။” ဖင်လန်နှင့် တောင်ကိုးရီးယားတို့တွင် တူညီသောအချက်တစ်ချက်တော့ ရှိနေပါသည်။ ဆရာ ဆရာမများအပေါ်တွင် အလွန်အမင်း ရိုသေလေးစားမှု ရှိခြင်းဖြစ်ပြီး သူတို့၏ ပညာရေး အောင်မြင်မှုအပေါ် ကိုယ်စီဂုဏ်ယူတတ်ခြင်းပင်ဖြစ်သည်။ ဖင်လန်နိုင်ငံတွင် ပညာရေးဘွဲ့ သင်တန်း တက်ရောက်လေ့လာလိုသူ လျှောက်လွှာရှင် ၁၀ ဦးလျှင် တစ်ဦးကိုသာ ရွေးချယ်လေ သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ပညာရေးကောလိပ် ၈၀ ရာခိုင်နှုန်းကို ပိတ်ပစ်လိုက်ပြီး နောက်ပိုင်း အကောင်းဆုံးသော ပညာရေးတက္ကသိုလ် တစ်ခုတည်းသာလျှင် ကျန်ရစ်ခဲ့သည်။ တိုင်းပြည်အတွင်း ပညာရေးသမားများနှင့် ဆရာဆရာမများ၏ အဆင့်အတန်းကို မြှင့်တင်လိုက်ခြင်း ပင်။ ဖင်လန်ကျောင်းဆရာတို့ တစ်နှစ်လျှင် နာရီ ၆၀၀ စာသင်ကြားကြသည်။ အခြားသော အချိန်အများစုကို မိမိ၏ ကျောင်းဆရာအလုပ်အကိုင် မြှင့်တင်ပေးသော ပရောက်ဖက်ရှယ်နယ် သင်တန်းများ တက်ရောက်ခြင်း၊ ၀န်ထမ်းအစည်းအဝေး၊ မိဘ-ကျောင်းသား-ဆရာ အစည်းအဝေး တက်ရောက်ခြင်းတို့ကို လုပ်ဆောင်ကြသည်။ အမေရိကန်တွင်မူ ဆရာများက စာသင်ခန်းအတွင်း တစ်နှစ်လျှင် နာရီ တစ်ထောင့်တစ်ရာ စာသင်ကြားကြသည်။ အတူတကွ ပူးပေါင်းဆောင်ရွက်မှု အတွက် အချိန် မရှိသလောက်ပင်။ မိမိ၏ သင်ကြားရေးကို ပြန်လှန်သုံးသပ်ချိန်နှင့် လုပ်ငန်းခွင့် စွမ်းဆောင်ရည်မြှင့်သင်တန်းတို့ အတွက်လည်း အချိန် မပေးနိုင်ကြ။ မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် သင်ခန်းစာများ ဖင်လန်နှင့် ကိုးရီယားတို့၏ ကြိုးစားလိုစိတ်ကို ပျိုးထောင်ရာတွင် အစိုးရအဆင့်ဆင့်နှင့် ရပ်ရွာ လူမှူအသိုင်းဝန်း၏ ပံ့ပိုးမှူမှာ အခရာကျနေသည်။ မြန်မာကလေးများကို ကြိုးစားကြပါဟူ၍ ပြောဆိုဆုံးမမှူများအပြင် အပတ်တကုတ် အားထုတ်လိုစိတ်ကိုလည်း လှူံ့ဆော် ဖြစ်ထွန်းစေမည့် စာသင်ခန်းနှင့် လူမှူပတ်ဝန်းကျင်ကို ဖန်တီးပေးရန် တာဝန်ရှိနေပါသည်။ ငြိမ်းချမ်းသော၊ အစာ ဆာလောင်မှူ ကင်းသော၊ မညှာမတာ ယှဉ်ပြိုင်မှူလည်း မရှိသော၊ ကျောင်းနှင့် စာသင်ခန်း အင်္ဂါစဉ် ပြည့်မီသော၊ အားကိုးထိုက်သော ဆရာဆရာမများဖြင့် ဖြည့်ဆည်းပေးထားသော၊ ပညာရှာရာ အားလုံးအတွက် လက်လှမ်းမီသော အခြေအနေများပင်ဖြစ်သည်။ ယှဉ်္ခပြိုင်ဖက်ကို လေးစားခြင်းနှင့် မိမိကိုယ်ကိုယ် အားကိုးတတ်ခြင်းတို့မှာ အမျိုးသားရေး အနာဂတ် အတွက် အကျိုးများလှပါမည်။ ရန်သူ လျော့နည်းစေသော လူ့အသိုက်အမြုံအတွက် ပညာရေးက တာဝန်ယူ လေ့ကျင့်ပေးခြင်းပင်။ ရွေးချယ်ခွင့်များစွာကို သူငယ်တန်းကတည်းကပင် ဖန်တီးထားပြီး အတန်းတိုင်းတွင် ဗီဇစွမ်းရည်နှင့် အမျိုးသား သင်ရိုးညွှန်းတမ်းကို ညှိနှိုင်းပေးခြင်းဖြင့်သာ ကလေးပျော်ကျောင်း၊ ဆရာ့ဝန်တာ ကျေပွန်သော ကျောင်းဖြစ်လာပါမည်။ ဖင်လန်သားတို့၏ ဆရာ့ဂုဏ်သိက္ခာနှင့် ကျောင်းတန်ဖိုးကို စဉ်ဆက်မပြတ် မြှင့်တင်ပေးခြင်းများထဲမှာ အတုယူစရာ များစွာ ရှိနေပါ၏။ အထူးသဖြင့် အဂတိတရား လေးပါး ကင်းရှင်းသော စာသင်ကျောင်းများနှင့် ပညာရေးစနစ်ကို ပျိုးထောင်နိုင်မှသာလျှင် လက်ရှိ ရင်ဆိုင်နေရသော အဂတိတရား corruption ကင်းစင်သည့် မြန်မာလူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ပါမည်။ ပညာရေးအကျပ်အတည်း များစွာထဲတွင် ကျောင်းထွက်နှုန်း မြင့်မားနေခြင်းနှင့် စာသင်ခန်း အတွင်းဖက် မ၀င်ဘူးသူကလေးများ ပြဿနာမှာတစ်ခုဖြစ်ပါ၏။ သို့သော် လက်ရှိ ကျောင်းတက်ရောက် နေကြသော ကလေးများအတွက် ပညာရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းများက ဘ၀ အာမခံချက် မည်မျှ ပေးထားပါသနည်း။ ကျောင်းနေ တကယ်ပျော်ကြပါရဲ့လား။ ကျောင်းနှင့် ကျူရှင်အကြား ကလေးများ၏ စိတ်ဖိစီးမှုနှင့် ပညာရေးအောင်မြင်မှု အခြေအနေများကို နိုင်ငံတကာစံများ၊ အိမ်နီးနားချင်း နိုင်ငံများ၏ ပညာရေးစံနှုန်းများနှင့် နှိုင်းယှဉ်ကြည့်သော် မည်သို့ တွေ့မြင်ရပါ မည်နည်း။ လွန်ခဲ့သော အနှစ် ငါးဆယ်ခန့်က မြန်မာ့ပညာရေးသမားကြီး ဒေါက်တာမောင်ဖြူးက “ကလေးတွေ စာငတ်နေပြီ” ဟု စိုးရိမ်တကြီး မှတ်ချက်ပြုခဲ့သည်။ ဖင်လန်ကလေးငယ်များ၊ ဆရာဆရာမများ၊ လူကြီးများအားလုံး အချိန်နှင့်အမျှ စာနှင့် မျက်နှာမခွာတမ်း ဖတ်ရှူလေ့လာကြသည့် စာဖတ်ခြင်း ဓလေ့ကို အတုယူ တည်ဆောက်သင့်ပါသည်။ စာဖတ်ခြင်း ဓလေ့ဖြင့်သာ ငြိမ်းချမ်းသော ဒီမိုကရေစီလူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည် မဟုတ်ပါလော။ ရပ်ရွာစာကြည့်တိုက်များ တစတစ ဖွံ့ဖြိုးလာနေသော်လည်း ကျောင်းစာကြည့်တိုက်နှင့် ပညာရေးသင်ယူရေးတွင် စာကြည့်တိုက်ကို အသုံးချမှုမှာ အားနည်းနေပါသေးသည်။ စာကျက်ခြင်းနှင့် စာဖတ်ခြင်းကို ခွဲခြားသိမြင်ခြင်းဖြင့် စတင်နိုင်ပါသည်။ စာဖတ်ခြင်းဘာသာ Reading ကိုလည်း ပင်မသင်ရိုးတွင် ထည့်သွင်းရဦးမည်။ ပြုပြင်ပြောင်းလဲလိုသူများက ပညာရေးယဉ်ကျေးမှုသစ်ကို တည်ဆောက်လိုကြောင်း ဆိုကြပါသည်။ ဆိုးမွေများစွာ ရှိနေပြီဖြစ်သော်ငြားလည်း ကျွန်တော်တို့ ပြုပြင်ပြောင်းလဲနိုင်စွမ်းလည်း ရှိနေပါသေး သည်။ ခေါက်ရိုးကျိုးနေသည့်အတွက် မလွယ်ကူဟုဆိုကြသော်လည်း ယဉ်ကျေးမှုဆိုသည်မှာ အချိန်ကာလတစ်ခုအကြာတွင် ပြုပြင်ဖန်တီးပြီး အသစ်ရ နိုင်စမြဲပင်။ အထူးသဖြင့် မြန်မာ့ပညာရေး တွင် လိုလားအပ်သော ရိုးရာယဉ်ကျေးမှု စံနှုန်းများ ထုထည်နှင့် ရှိနေခဲ့ဖူးသည်။ ခေတ်စနစ်ကြောင့် လူတို့၏ အတွေးအမြင်၊ အကျင့်အကြံတို့ အပြောင်းအလဲတွင် ပညာရေးစနစ်မှာ မလူးသာ မလွန့်သာ ပုံဖျက်ခံထားရသည်ဟု ဆိုချင်ပါသည်။ အပြောင်းအလဲရောင်ခြည်ကို ရေးရေးမျှ မြင်တွေ့နေသည့် ယခုကာလတွင် ပညာရေးစံနှုန်းသစ်၊ ကျောင်းယဉ်ကျေးမှု အသစ်ကို စတင်သင့်ပါသည်။ ခေတ်မီ ဆန်းသစ်သော ပညာရေး စာမျက်နှာသစ်ကို ဖွင့်လှစ်ရာတွင် မြန်မာကလေးများ ဘက်ကတော့ အခက်အခဲ မရှိနိုင်ပါ။ သူတို့လေးတွေကတော့ ဦးနှောက် မီးမြှိုက်ရန်၊ ဦးနှောက် ခါးတောင်းကျိုက်ရန် အဆင့်သင့်ပင်။ သိန်းနိုင် (မောက္ခပညာရေး)
6 years Ago
Up