ပစ္စည်းခိုးယူသူ ၂ ဦး ဖမ်းမိ

April 3, 2017

အမြန်လမ်းမကြီးဘေး ဖုန်းတိုင်များက ပစ္စည်းခိုးယူသူ ၂ ဦး ဖမ်းမိ

အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၈၅ မိုင်ကနေ မိုင် ၉၀ အကြားရှိ OOREDOO နဲ့ TELENOR တာဝါတိုင်တွေက ဘက်ထရီအိုးတွေနဲ့ ကေဘယ်ကြိုးတွေ ဖြုတ်ခိုးသူ ၂ ဦးကို လှည်ကူးမြို့နယ် အမှတ် (၃) တိုးဂိတ်မှာ မနေ့ ညနေ ၆ နာရီလောက်က ဖဒိုနယ်မြေရဲစခန်းက သိရပါတယ်။ အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတွေဟာ မိုင်တိုင်အမှတ် ၀/၂  ရှိ မော်တော်ယာဉ်စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေစဉ် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးရှိ OOREDOO တာဝါတိုင်မှ ဘက်ထရီအိုးနဲ့ ကေဘယ်ကြိုးတွေ ခိုးယူခံထားရကြောင်း လာရောက် သတင်းပေးတိုင်ကြားတဲ့အတွက် အမှတ်(၃)လမ်းဆုံတိုးဂိတ်မှာ စောင့်ဆိုင်းစစ်ဆေးခဲ့ပါတယ်။ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်းအောင်ဇင်ဟိန်း (အောင်မင်္ဂလာ ၃ လမ်း ဒလမြို့နယ်) နေသူမောင်းနှင်ပြီး ဖြိုးကျော် (သိမ်ဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်)နေသူ လိုက်ပါလာတဲ့ ယာဉ်ကို စစ်ဆေးရာ ၁၂ ဗို့ ဘက်ထရီ  ၅ လုံး၊ ပေ ၄၀  လောက်ရှိကေဘယ်ကြိုး ၄ ချောင်း၊ ဖိုက်ဘာ ဦးထုပ်တလုံး၊ လက်သမားသုံးသေတ္တာနဲ့ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ ဆက်လက် စစ်ဆေးရာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၅ မိုင်နဲ့ မိုင် ၉၀ အကြားရှိ OOREDOO၊ TELENOR တာဝါတိုင်တွေက ဖြုတ်ယူလာတာ သိရတဲ့အတွက် ဖဒိုနယ်မြေရဲတပ်ဖွဲ့စခန်းကို ဆက်သွယ်အကြောင်းကြားကာ ဖမ်းဆီးရမိသူ ၂ ဦးဆီက သက်သေခံပစ္စည်းတွေ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖဒိုနယ်မြေရဲတပ်ဖွဲ့စခန်းကို ဆက်သွယ်မေမြန်းရာမှာ "ဟုတ်ပါတယ်။ အခုမှ သူတို့အစီအစဉ်တွေ ဆွဲတုန်းပါ။ အမှုဖွင့်ဖို့ လုပ်နေကြတယ်။ ကျန်တဲ့ဟာတွေပါ လိုက်စုံစမ်းပြီး အမှုဖွင့်ဖို့ လုပ်နေတုန်း။ အချက်အလက်တွေရရင် ပြန်ပြောပေးပါ့မယ်။ အခုတော့ အမှုဖွင့်ဖို့ လုပ်နေတုန်းပါ" လို့ ဖဒိုနယ်မြေရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့
4 years Ago
Up