ပစ်သတ်ခံရမှု

September 20, 2021

မြို့သစ်မြို့နယ်တွင် ကျောင်းဆရာ ၁ ဦးကို စစ်တပ်က ပစ်သတ်

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ တောင်တွင်းကြီး-မြို့သစ်ကားလမ်းပေါ်မှာတည်ရှိတဲ့ မြို့လုလင်ကျေးရွာက မူလတန်းကျောင်းဆရာ ၁ ဦးဟာ စက်တင်ဘာ ၁၇ နေ့ညမှာ စစ်တပ်က ပစ်သတ်လို့ သေဆုံးသွားတယ်လို့  မိသားစုဝင်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ်လို့ သေဆုံးသွားသူမှာ မြို့လုလင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် မူလတန်းပြ Non CDM ကျောင်းဆရာ ဦးအောင်သန်းဇော် ဖြစ်တယ်လို့ သိရပါတယ်။

မိသားစုဝင်တဦးက “စက်တင်ဘာ ၁၇ ရက်နေ့ည ၉ နာရီလောက်က ကလေးတစ်ယောက်နဲ့ ရွာထိပ်က ဆီဆိုင်ကို ဆိုင်ကယ်ဆီသွားထည့်တာ။ ရွာမှာရှိတဲ့ စစ်ပြန်ကြီး စားသောက်ဆိုင် အိမ်ဝိုင်းထဲမှာရှိတဲ့ Mytel တာဝါတိုင်ကို စောင့်တဲ့ စစ်သားတွေကတားပြီး သူတို့ နှစ်ယောက်လုံးကို ရိုက်နှက်ပြီးတော့ ဆရာလေးရဲ့ လည်ပင်းကို တေ့ပစ်ခံလိုက်ရတာ။ သူနဲ့အတူပါသွားတဲ့ ကလေးကတော့ နှိပ်စက်တာပဲ ခံရတယ်” လို့ ပြောပါတယ်။

ဦးအောင်သန်းဇော် သေနတ်နဲ့ပစ်ခံရပြီး လည်ပင်းက သွေးတွေပန်းထွက်လာတာကြောင့် သူနဲ့ အတူပါသွားသူ ကိုကုလားက ဦးအောင်သန်းဇော်ကို ဆိုင်ကယ်နဲ့တင်ပြီး ၃ မိုင်ခန့်ဝေးကွာတဲ့ မြို့သစ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဒိနောက်  မြို့သစ်ဆေးရုံကနေ နေပြည်တော် ခုတင် ၁၀၀၀ ကို လွှဲပြောင်းစဉ် စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းက သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူ ဦးအောင်သန်းဇော်ရဲ့ ရုပ်အလောင်းကို မြို့လုလင်ကျေးရွာကို ပြန်သယ်လာပြီး စက်တင်ဘာ ၁၉ ရက်က ကျေးရွာသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။

ကျောင်းဆရာ ဦးအောင်သန်းဇော် သေဆုံးမှုနဲ့ပတ်သက်လို့ မြို့သစ်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ သေမှုသေခင်းနဲ့သာ အမှုဖွင့်လှစ်ထားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

4 weeks Ago

August 1, 2021

မုဒုံမြို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာမှာ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇူလိုင် ၃၁ ရက်နေ့  ညနေ ၅ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးအမန်းဟာ ရုံးကနေ နေအိမ်ပြန်အလာလမ်းမှာ အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး သေနတ်နဲ့ ၄ ချက် ပစ်သတ်ခဲ့တာလို့ တလမ်းတည်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ပစ်သတ်ခံရတာ ဟုတ်တယ်။ ရုံးကနေ နေအိမ်ပြန်လာတဲ့ လမ်းမှာ ဆိုင်ကယ်နဲ့ လာရောက် ပစ်သတ်သွားတာ။ သံဖြူဇရပ် မြို့ဆေးရုံမှာ ဆုံးသွားတယ်။ သူက ရွာမှာ ဒလန်အကြီးစားပဲ။ အခုလိုဖြစ်တာ ကျန်တဲ့ဒလန်တွေ ရှေ့ဆက်မတိုးရဲမှာ။” 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအမန်းဟာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ညစဉ် သန်းခေါင်စာရင်း စစ်ဆေးတာ၊ ပြည်သူ့စစ်အဖွဲ့အတွက်ဆိုပြီး လစဉ် ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း အမှုဖြစ်ပွားသူတွေကို ခြိမ်းခြောက် ငွေကြေးတောင်းခံတာတွေ အပြင် ဆန္ဒပြလူငယ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကို သတင်းအမြဲပေးပို့သူတစ်ဦးအဖြစ် နာမည်ကြီး နေသူတစ်ဦးလို့  ဒေသခံလူငယ်တွေက ပြောပါတယ်။

3 months Ago
More News
Up