ပစ်ဖို့ဒ်

October 18, 2020

အဲဗာတန်နှင့်လီဗာပူး ၂ ဂိုးစီ သရေကျ၊ ဒဏ်ရာရခဲ့သူ ဗန်ဒိုက်ကို ပစ်ဖို့ဒ် တောင်းပန် (ရုပ်သံဟိုက်လိုက်)

အဲဗာတန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်ကို အောက်တိုဘာ ၁၇ ရက်ညအစောပိုင်းမှာ ကစားခဲ့တာဖြစ်ပြီး တဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူး တိုက်စစ်မှူး မာနေးက ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး မကြာခင်မှာတင် ဗန်ဒိုက်ဟာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိခဲ့ပါတယ်။  ဗန်ဒိုက်ကို ကစားပုံကြမ်းတမ်းခဲ့မိတဲ့အပေါ် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်က ပွဲအပြီးမှာ တောင်းပန်စကား  ပြောခဲ့တယ်လို့ လီဗာပူးအသင်း ခေါင်းဆောင် ဟန်ဒါဆင်က ပြောပါတယ်။ ပစ်ဖို့ဒ်ဟာ ဗန်ဒိုက်ကို သိသိသာသာ ကစားပုံကြမ်းတမ်းခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ဗန်ဒိုက်ဟာ ဆက်မကစားနိုင်တော့ဘဲ ဂိုးမက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။  ဒီဒဏ်ရာကြောင့်ဗန်ဒိုက်ဟာ သီတင်းပတ်အတန်ကြာ အနားယူရတော့မယ်လို့လည်း သတင်း တွေမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင်မှာ လူကျွံနေခဲ့တယ်ဆိုတာကြောင့် ပစ်ဖို့ဒ်ဟာ အရေးယူခံရမှုကနေ လွတ်မြောက်ခဲ့ပါတယ်။ လက်တွေ့မှာ VAR ပြန်ကြည့်ခဲ့တာတောင် အရေးယူ မခံခဲ့ရတာဟာ ပစ်ဖို့ဒ်အတွက် ကံကောင်းမှုတခုလည်း ဖြစ်ပါတယ်။  အခုပွဲစဉ်ဟာ တစ်ဖက်ကို ၂ ဂိုးစီနဲ့ သရေကျခဲ့တာဖြစ်ပြီး ဒီပြစ်ဒဏ်ကြောင့် ပစ်ဖို့ဒ်သာ အရေးယူခံရမယ်ဆိုရင် ပွဲရလဒ်ဟာ တနည်းတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ဗန်ဒိုက်ကို ကွင်းထဲကနေ လူစားလဲခဲ့ရတဲ့အထိ ကစားပုံကြမ်းတမ်းခဲ့တဲ့ ပစ်ဖို့ဒ်ရဲ့ လုပ်ရပ်  ဟာ အနီကတ်ပြခံ ရသင့်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။  လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆင်က “လူတိုင်းက ဒီဖြစ်ရပ်အကြောင်းကို ပြောနေကြပါတယ်။ ကျနော်ကလည်း အနီကတ် ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ သေချာတာကတော့ ဒါဟာ ကောင်းမွန်တဲ့ ဖျက်ထုတ်မှု မဟုတ်ခဲ့ပါဘူး။ ရိုးရိုးသားသား  ပြောရရင်တော့ ပွဲအပြီးမှာ ပစ်ဖို့ဒ်က ဒီကိစ္စအတွက် တောင်းပန်စကားကို ကျနော့်ဆီ လာပြောပြခဲ့ပြီး ကျနော်ကနေတဆင့် ဗန်ဒိုက်ကို ပြောပြခဲ့ပါတယ်”  လို့ ပြောပါတယ်။ ဟန်ဒါဆင်ရဲ့ အချိန်ပိုသွင်းဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့ခြင်းကလည်း ဒီပွဲမှာ လူပြောစရာကိစ္စ အဖြစ် ကျန်ရစ်ခဲ့ပါတယ်။  VAR နဲ့ ပြန်လည်ကြည့်ရှုမှုအရ ဂိုးဖန်တီးပေးခဲ့တဲ့ မာနေး ဘောလုံးလက်ခံချိန်မှာ လူကျွံ နေခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ မာနေး လူကျွံခဲ့သလားဆိုတာ အခုချိန်အထိ ပရိသတ်တွေကြားမှာ အငြင်းပွားနေကြဆဲ ဖြစ်ပြီး ဒီဂိုးကို ပယ်ဖျက်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ဒါဘီပြိုင်ဘက်ထံကနေ အဖိုးတန် ၃ မှတ်ကို ဆုံးရှုံးခဲ့ရပြီး ဒါကို စိတ်ပျက်မိတယ်လို့ ဟန်ဒါဆန်က ပြောပါတယ်။ မာနေးနဲ့ဆာလက်တို့က လီဗာပူးအသင်းအတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး အဲဗာတန်အတွက် ဂိုးတွေကိုတော့ ကိန်းနဲ့ ကယ်ဗက်လီဝင်တို့က ခေါင်းတိုက်သွင်းယူခဲ့ကြပါတယ်။  ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဆာလက်ဟာ လီဗာပူးအသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်ပြီး ကယ်ဗက်လီဝိန်အတွက်လည်း ပရီးမီးယားလိဂ်အဖွင့် ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ဟာလည်း သီယာဂိုကို အဖျက်ကြမ်းခဲ့လို့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။
1 year Ago

March 2, 2020

အမှားများခဲ့သည့် ဒီဂီယာနှင့် ပစ်ဖို့ဒ်တို့ နှစ်ဦးကို ရွိုင်ကိန်း အပြင်းအထန် ဝေဖန်

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်မှာ ကိုယ်စီအမှားများခဲ့တဲ့ ဒးဗစ်ဒီဂီယာနဲ့ ဂျော်ဒန်ပစ်ဖို့ဒ်တို့နှစ်ဦးကို ရွိုင်ကိန်းက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။  ဒီပွဲမှာ အဲဗာတန်အသင်းရဲ့ ဦးဆောင်ဂိုးဟာ ဒီဂီယာရဲ့ အားနည်းချက်ကြောင့် ရရှိသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ရှင်းလင်းမှုကနေတဆင့် အဲဗာတန်တိုက်စစ်မှူး ဒါမနစ် ကယ်ဗတ်လီဝိန်းနဲ့ ထိကာ ဂိုးထဲကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။  တဖက်မှာလည်း မန်ချက်စတာယူနိုက်တက်ရဲ့ချေပဂိုးမှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်က အမှားကျူးလွန်ခဲ့ပြီး ဖာနန်ဒက်ရဲ့ အဝေးကန်ချက်ကို တားဆီးရမှာ ဘောလုံးဟာ ပစ်ဖို့ဒ်ရဲ့လက်ကနေ လွတ်ကာ ဂိုးထဲကို ရောက်ရှိသွားခဲ့တာပါ။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ရွိုင်ကိန်းက “ကျနော်သာ ကစားသမား ဒါမှမဟုတ် နည်းပြအဖြစ် ကွင်းထဲမှာရှိနေမယ်ဆိုရင် သူ (ဒီဂီယာ) ကိုသတ်ပစ်လိုက်ပါတယ်၊ ဒီအချိန်မှာ ယူနိုက်တက်အသင်းဟာ အဆင့်လေးနေရာကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အရေးပါတဲ့အနေအထားပါ။ သူဟာ အတွေ့အကြုံရင့်ဂိုးသမားပါ။ ဒါပေမဲ့ ဘာလို့စောင့်နေခဲ့တာလဲ။ ဒါဟာ စိတ်ကြီးဝင်မှုပါ။ ဒီကိစ္စအတွက် ဘာအကြောင်းပြချက်မှပေးလို့ မရပါဘူး။ သူ့လို အတွေ့အကြုံရင်တဲ့ နိုင်ငံ့လက်ရွေးစင် ဂိုးသမားတယောက်အတွက် ဒါဟာ တကယ့်ကို ရူးနှမ်းမှုပါပဲ” လို့ ဝေဖန်ခဲ့ပါတယ်။ ပစ်ဖို့ဒ်နဲ့ပတ်သက်ပြီးတော့လည်း ကိန်းက “ သူက ဂိုးသမားကောင်းတယောက် မဟုတ်ဘူး ဆိုတာ ကျနော် သိနေပြီးသားပဲ” လို့ ပြောပါတယ်။ မန်ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းလိုပဲ  လီဗာပူး ကစားသမားဟောင်း ဂျမီကာရေဂါကလည်း ဒီဂီယာရဲ့အမှားကို ဝေဖန်ပြောဆိုခဲ့ပါတယ်။
2 years Ago
Up