ပစ်ပေါက်ခံရ

November 9, 2019

တူရကီ-ရုရှား ကင်းလှည့်ယာဉ်များ ကျောက်ခဲများဖြင့် ပစ်ပေါက်ခံရ

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မာဘာဒါမြို့မှာ  နိုဝင်ဘာလ ၈ ရက်နေ့က ကင်းလှည့်နေတဲ့ တူရကီ-ရုရှား ကင်းလှည့်ယာဉ်တွေကို ဒေသခံတွေက  ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။     ကာ့ဒ်သတင်းဌာန ANHA ထုတ်လွှင့်တဲ့ ဗွီဒီယိုထဲမှာ ဒေသခံတွေက သင်္ချိုင်းတခုအနီး  ဖြတ်မောင်းလာတဲ့ ကင်းလှည့်ယာဉ်တွေကို နောက်ကလိုက်ပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ တူရကီနယ်စပ်ကနေ ကာ့ဒ်ပြည်သူ့စစ်တွေကို နှင်ထုတ်ရေး သဘောတူညီချက်အရ တူရကီနဲ့ ရုရှားတို့ဟာ  နိုဝင်ဘာ ၅ ရက်နေ့ကစပြီး ဆီးရီးယားမြောက်ပိုင်းမှာ ဒုတိယအကြိမ် ပူးတွဲ ကင်းလှည့်ခဲ့ပါတယ်။ ရုရှား Interfax သတင်းအေဂျင်စီ ပြောကြားချက်အရ ဆီးရီးယား-တူရကီ နယ်စပ်အနီးမှာ ရုရှားအစိုးရက စစ်ဘက်ရဟတ်ယာဉ်တွေ စေလွှတ်ပြီး မြေပြင်က ရုရှားစစ်ရဲတွေကို ကူညီစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။  လွန်ခဲ့တဲ့ တလတုန်းက တူရကီနဲ့ ဆီးရီးယားသူပုန် မဟာမိတ်အဖွဲ့ဟာ  ကာ့ဒ်လူမျိုး YPG တိုက်ခိုက်ရေးသမားတွေကို နယ်စပ်ဖြတ်ကျော် ထိုးစစ်တရပ် ဆင်နွှဲပြီး ရှေ့တန်းတလျှောက်  နယ်မြေအကျယ်အဝန်း ၇၅ မိုင်ကို သိမ်းပိုက်ခဲ့ပါတယ်။
2 years Ago
Up