ပစ်ခတ်လေ့ကျင့်

March 3, 2020

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တာဝေးပစ်အမြောက် ပစ်ခတ်လေ့ကျင့်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တာဝေးပစ်အမြောက် ပစ်ခတ်လေ့ကျင့်မှုကို မတ်လ ၂ ရက်က ကြီးကြပ်လုပ်ဆောင်ခဲ့တယ်လို့  မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNAက ထုတ်လွှင့်သွားပါတယ်။ မနှစ်က ပထမဆုံး မြင်ဖူးခဲ့တဲ့ ဒုံးကျည်ပေါင်းစုံ ပစ်ခတ်နိုင်တဲ့ ပစ်လွှတ်စင်ကနေ စစ်တပ်က ပစ်ခတ်နေပုံ ဓာတ်ပုံတွေကို အစိုးရ မီဒီယာက ပြသခဲ့ရာဟာ  ပြောင်းဝအချင်း ၄၀၀ မီလီမီတာကနေ ၄၅၀ မီလီမီတာကြား အမြောက် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းပါတယ်။  မနှစ်က မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ တာတိုပစ် ဒုံးကျည်ထက် ပိုသေးပေမယ့် ဒုံးကျည်ပေါင်းစုံ ပစ်လွှတ်နိုင်တဲ့ (MLRS) စနစ်ဟာ ပဲ့ထိန်းဒုံးကျည် ပစ်စင် အမျိုးအစားသာ ဖြစ်တယ်။ ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တဲ့ အလား အလာရှိဆဲပဲလို့ အကဲခတ်တွေက ပြောပါတယ်။ အထူးကြီးမားတဲ့ ဒုံးကျည်မျိုးစုံပစ်လွှတ်စင်လို့ မြောက်ကိုရီးယားက ခေါ်တဲ့ ဒုံးကျည်လောင်ချာကနေ နိုဝင်ဘာ ၂၈ရက်က မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်လွှတ် စမ်းသပ်အပြီးမှာ မနေ့က ပထမဆုံး ထပ်ပြီး စမ်းသပ်ခဲ့တာပါ။  နျူကလီးယား လက်နက်တဖက်သတ် စွန့်လွှတ်ရေး အမေရိကန်ရဲ့ မရမက တောင်းဆိုမှုကို ရုပ်သိမ်းဖို့ မြောက်ကိုရီးယားက အချိန် တနှစ်ပေးထားတဲ့ ရက်ချိန်း စေ့အပြီးမှာ ခုလို ပစ်လွှတ်တာလည်း ဖြစ်ပါတယ်။ 
2 years Ago

November 19, 2019

မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည် ပါကစ္စတန် ပစ်ခတ်လေ့ကျင့်

ပါကစ္စတန် အစိုးရဟာ ရှဟဲင်းဝမ်းလို့ နာမည်ပေးထားတဲ့ မြေပြင်ကနေ မြေပြင်ကို ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို နိုဝင်ဘာ ၁၈ ရက်က အောင်အောင်မြင်မြင် ပစ်ခတ် လေ့ကျင့်နိုင်ခဲ့ပါတယ်။ သင်တန်းအတွင်း ပစ်ခတ်လေ့ကျင့်မှု အစိတ်အပိုင်းအနေနဲ့ ပစ်လွှတ်ခဲ့တာလို့ ပါကစ္စတန် စစ်တပ်ပိုင် မီဒီယာ ISPR က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ ဒီပစ်ခတ်လေ့ကျင့်မှုကို စစ်တပ် အကြီးတန်းအရာရှိတွေက မျက်မြင်သက်သေ ပြုခဲ့တယ်လို့လည်း ပြောပါတယ်။ အိမ်နီးချင်းလည်း ဖြစ်၊ ပြိုင်ဘက်လည်း ဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၉၈ မေလက နျူကလီးယား စမ်းသပ်ချက်တွေ လုပ်ပြီးတည်းက အကွာအဝေးမျိုးစုံကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကို အပြိုင် တီထွင်စမ်းသပ်နေခဲ့တာပါ။ နျူကလီးယား လက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း နှစ်နိုင်ငံဟာ ဗြိတိန်ဆီက လွတ်လပ်ရေးရအပြီး ၁၉၄၇ ခုနှစ်ကနေ ခုထိ စစ်ပွဲကြီး ၃ ကြိမ် တိုက်ခိုက်ခဲ့ဖူးပြီး နယ်စပ် ဖြတ်ကျော် လက်နက်ကိုင် ပဋိပက္ခတွေလည်း ရံဖန်ရံခါ ဖြစ်ပွားနေဆဲပါ။
2 years Ago
Up