ပစ်ခတ်မှု ကျူးလွန်သူ

March 26, 2020

နယူးဇီလန်က ဘုရားကျောင်း ပစ်ခတ်မှုကျူးလွန်သူ အပြစ်ရှိကြောင်း ဝန်ခံ

နယူးဇီလန်နိုင်ငံမှာ မနှစ်ကဖြစ်ခဲ့တဲ့ ခရိုက်စ်ချာ့ပ်မြို့ဘုရားကျောင်း အကြမ်းဖက်တိုက်ခိုက်မှုမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ တရားခံ ဘရန်တန်တာရန့်က လူသတ်မှုတွေအတွက် အပြစ်ရှိကြောင်း ဝန်ခံလိုက်ပြီလို့ ရိုက်တာသတင်းက ဆိုပါတယ်။  ဘရန်တန်အပေါ် တာဝန်ရှိသူတွေက ခရိုက်စ်ချာ့ချ်စ် ဘုရားကျောင်းပစ်ခတ်မှုအတွက် လူ သတ်မှုစွဲချက် ၅၁ ခု ၊ လူသတ်ရန်ကြံစည်အားထုတ်မှု ၄၀ နဲ့ အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုစွဲချက်တခုတို့နဲ့ အတူ တရားစွဲထားတာပါ။  တရားရုံးက ထုတ်ပြန်တဲ့ တရားခွင် ကြားနာမှုမှတ်တမ်းမှာ တရားသူကြီး ကင်မရွန်း မန်ဒါကလည်း တရားခံဟာ စွဲချက်တိုင်းအတွက် အပြစ်ရှိတယ်လို့ ဆိုထားပါတယ်။  ဩစတြေးလျနိုင်ငံသားတဦး ဖြစ်သူ ဘရန်တန်တာရန့်ကို ၂၀၁၉ မတ် ၁၅ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့တာပါ။ သူဟာ အဲဒီတုန်းက ခရိုက်စ်ချာ့ချ်စ် မြို့မှာရှိတဲ့ ဗလီနှစ်ခုက ဝတ်ပြုဆုတောင်းသူတွေကို ဝင်ရောက်အကြမ်းဖက် ပစ်ခတ်ခဲ့ပြီး၊ တိုက်ခိုက်နေချိန်မှာလည်း ဖေ့စ်ဘွတ်ခ်ကနေ လိုက်ဖ် ထုတ်လွှင့်ပြသခဲ့ဖူးပါတယ်။  ခရိုက်စ်ချာ့ချ်စ် တရားရုံးဟာ အခုတော့ တရားခံဘက်က ဖြောင့်ချက်ရပြီမို့ စွဲချက် ၉၂ ခုအတွက် ပြစ်ဒဏ် ချမှတ်ရတော့မှာပါ။ တာရန့်ကို ရမာန်ပေးထားတာ မေ ၁ ရက်နေ့အထိ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှ ပြစ်ဒဏ်ချဖွယ်ရှိပါတယ်။  နယူးဇီလန်ဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် မတ် ၂၆ ကြာသပတေးနေ့ကစပြီး နိုင်ငံတဝန်း ပိတ်ဆို့မှု lockdown လုပ်ဖို့ ကြေညာထားပါတယ်။
1 year Ago
Up