ပစ်ခတ်မှုဖြစ်ပွား

August 24, 2021

မန္တလေးမြို့ ၂၇ လမ်း ဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွား

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၂၇ လမ်း၊ ၈၁ လမ်းနဲ့ ၈၂ လမ်း ဝန်းကျင်မှာ ဩဂုတ်လ ၂၃ ရက် ည ၉ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ကားတစ်စီးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရပေမယ့် ကားတစ်စီးဖြတ်သွားတာကို အနောက်ကနေ လှမ်းပစ်တာဖြစ်တယ်လို့ အနီးအနားဝန်းကျင်ရှိ လူတချို့ပြောပါတယ်။

“ဘာကြောင့် ပစ်တာလဲတော့ မသိဘူး။ ကားတစ်စီးဖြတ်မောင်းသွားတယ်။ ကားက အရှိန်နဲ့ မောင်းသွားတာ။ အဲ့ဒါကို မသင်္ကာလို့ ပစ်တာထင်တယ်။ ပစ်တာကတော့ ဆက်တိုက် အချက် ၂၀ လောက်ရှိတယ်။ အသံဗုံးလား မသိဘူး။ အသံကျယ်ကြီး တစ်ချက်လည်း ကြားတယ်။” လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး လူတွေထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့တဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။ 

မန္တလေးမြို့မှာ ညပိုင်း ပစ်ခတ်မှုတွေဖြစ်ပြီး ဩဂုတ် ၂၂ ရက်ညပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်နဲ့ မြရည်နန္ဒာတိုက်ခန်း ဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

4 weeks Ago

May 21, 2021

ဒီးမော့ဆိုမြို့နယ် ထွေအုပ်ရုံးနှင့်အားကစားရုံတွင်ဗုံးကွဲ၊ ပစ်ခတ်မှုများဖြစ်ပွား

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဗုံးကွဲမှုတွေဖြစ်ပွားခဲ့ပြီး  ဒေါငံခါးရပ်ကွက်နဲ့ မားနားပလော့ရပ်ကွက်တွေမှာ မေလ ၂၁ ရက်  ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက  ပြည်သူတွေချထားတဲ့ လုံခြုံရေးအတားအဆီးကို လာရောက်ဖျက်ဆီးတာ ညဘက် သေနတ်တဲ့ ပစ်ခတ်တာတွေလုပ်နေတဲ့အတွက် ဒေသခံ လူထုဘက်က ပြန်လည်ခုခံ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ။

ဒီနေ့မနက် ၉ နာရီကျော်လောက်ကတည်းက စတင်ပစ်ခတ်မှုတွေဖြစ်ပွားပြီး မနက်  ၁၀ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူထားတဲ့ ဒီးမော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ အားကစားရုံဘက်မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့  ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြောခွင့်ရသူ တဦးက ပြောပါတယ်။ 

“ပထမပိုင်းတော့ ဒေါငံခါးဘက်မှာ ပစ်တယ်။ ပစ်ပြီးတော့ ဒီဘက်မှာ ဒီးမော့ဆို စည်ပင်ရပ်ကွက်ဘက်မှာရှိတဲ့လူကတော့  ထွေအုပ်ရုံးနဲ့  သူတို့တပ်စွဲထားတဲ့ထွေအုပ်ရုံးနဲ့  အားကစားရုံမှာ သူတို့တပ်စွဲထားတဲ့နေရာကို  ပစ်ထည့်လိုက်တယ်။ တပ်စွဲထားတာကြာပြီလေ သူတို့ရှိတယ်။ အဲမှာ ဗုံးတွေဝိုင်းပစ်ထည့်လိုက်တယ်။ ပြီးတော့ သူတို့ပြန်ပစ်တယ်။ ဒါပေမဲ့ လွတ်ပါတယ်။ ပစ်လိုက် ဆုတ်လိုက်ပဲ နှစ်ဖက်စလုံး ရှေ့မတက်ကြဘူး။ အခုတော့လောလောဆယ် ပြန်ရပ်နေတယ်။” 

စစ်ကောင်စီတပ်ဘက်ကလည်း ပြည်သူတွေရှိတဲ့နေရာကို အမ် ၇၉ လောင်ချာလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ပစ်ခတ်မှုကြောင့်  ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်သူမရှိသလို စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှု ရှိမရှိမသိရသေးဘူးလို့လည်း ဆိုပါတယ်။

သဲတင်ကားယာဉ်မောင်း ၁ ဦးကတော့ လက်မောင်းမှာ သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒီလို နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့တောထဲထွက်ပြေးတိမ်းရှောင်နေတာရှိနေပါတယ်။ 

နေ့လည် ၁၂ နာရီခွဲ ရရှိထားတဲ့သတင်းအရ ဒေါငံခါးလမ်းခွမှာ ဆိုင်ကယ်မောင်းနှင်လာသူ အရပ်သား နှစ်ဦးကို စစ်ကောင်စီက ရပ်တပ်ဖို့ ပြောရာကနေ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ရာ  တဦးသေဆုံးသွားကြောင်း သိရပါတယ်။ 

မနေ့ မေလ ၂၀ ရက်နေ့ကလည်း ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြိုနယ်အကြားရှိ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ထိန်းချုပ်နယ်မြေမှာ ကေအန်ပီပီနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

ကေအန်ပီပီက ဖွင့်ထားတဲ့ လူငယ်လေ့ကျင့်ရေးကွင်းကို စစ်ကောင်စီတပ်တွေက သွားဖို့ ကြိုးစားရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ 

4 months Ago
More News
Up