ပစ်ခတ်မီးရှို့

September 7, 2021

မြောင်မြို့နယ်ရှိ PDFလေ့ကျင့်ရေးစခန်းကို ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မီးရှို့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်‌၊ ပေါက်ချောင်းကျေးရွာမှာ ဒေသခံပြည်သူကာကွယ်ရေးတပ် PDF လေ့ကျင့်ရေးစခန်းကို စက်တင်ဘာ ၇ ရက် ဒီနေ့မနက် ၁၁ နာရီဝန်းကျင်လောက်က ဆီးမီခုံမြို့မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရေတပ်က ဧရာဝတီမြစ်အတွင်းကနေ လက်နတ်ကြီးနဲ့ပစ်ခတ် မီးရှို့သွားတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြောင်PDFခေါင်းဆောင်တစ်ဦးက “မနက်က မော်တော်တွေနဲ့ အင်အား ၁၀၀ လောက်နဲ့လာပြီး ပစ်တာ။ ဒေသခံတွေကတော့ ကုန်းကြောင်းရေကြောင်းတွေကနေ ထွက်ပြေးကြတယ်။ ကျနော်တို့အဖွဲ့ကတော့ ‌မြင်းခြံ ဘက်ကမ်း တချို့နဲ့ ဧရာဝတီ အောက်ဘက်တချို့ လူစုခွဲပြီး ဘေးလွတ်ရာကိုရှောင်နိုင်ခဲ့တယ်။ စခန်းကိုတော့ မီးရှို့ခံလိုက်ရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မြောင်မြို့နယ်အတွင်းက သပိတ်ခေါင်းဆောင်တချို့နဲ့ CDM လုပ်ထားတဲ့ ဝန်ထမ်းတချို့ကို ရှာဖွေဖမ်းဆီးတာတွေ နေ့စဉ်ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

3 months Ago
Up