ပစ်ခတ်ခံ၇

April 19, 2021

မိုးညှင်းတွင် ကုန်တင်ယာဉ် ၄ စီး ပစ်ခတ်ခံရ၊ ယာဉ်မောင်း ၁ ဦးသေဆုံးပြီး ၂ ဦး စိုးရိမ်ဒဏ်ရာရရှိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လယ်မှီးကျေးရွာအနီးမှာ ဧပြီလ ၁၉ ရက်နေ့လယ်က ကုန်ကား ၄ စီးအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ခလရ ၄၀ တပ်နဲ့ ၃၆၇ တပ်ရင်း အနားမှာရှိတဲ့ တံတားတခုအနားမှာ စောင့်ကြပ်နေတဲ့ အရပ်ဝတ်အကြမ်းဖက် စစ်ကောင်စီဝင်တွေက တားဆီးပြီး ငွေကြေးအဆမတန်တောင်းခံတာကို ကားသမားတွေက မပေးတာကြောင့် စကားများရာက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အခုလို သေဆုံးဒဏ်ရာရခဲ့တာပါ။

ပစ်ခတ်ခံရမှုကြောင့် ၁ ဦးက အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ၂ ဦးက သွေးအရမ်းထွက်တာမို့ အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မိုးညှင်းခရိုင်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကေအိုင်အေကို လေယာဉ်တွေသုံး၊ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၇ ရက် ကလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဂိတ် နန့်စီးအောင်ဂိတ်မှာ ၁၂ ဘီးယာဉ် ကုန်ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းခ မတန်တဆတောင်းတာကြောင့် မပေးဘဲ မောင်းပြေးရာ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ယာဉ်မောင်း ၁ ဦးသေဆုံးပြီး ယာဉ်အကူ ဒဏ်ရာရရှိခဲ့တယ်လို့ ကားသမားတွေက ပြောပါတယ်။

3 weeks Ago
Up