ပစ်​ခတ်

May 2, 2019

ရ​သေ့​တောင်​တွင် တပ်​မ​တော်​က ပစ်​ခတ်​သဖြင့် ရွာသား ၆ ဦး​သေဆုံး

ရခိုင်ပြည်နယ်၊ ရ​သေ့​တောင်​မြို့နယ်​​၊ ကျောက်​တန်း​ရွာမှာ ရွာသား ၂၇၀ ကျော်လောက်ကို တပ်​မ​တော်​က ဖမ်းဆီးစစ်ဆေးနေစဉ် ဒီကနေ့ မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၆ ဦး ​သေဆုံးကာ ၈ ဦး ဒဏ်​ရာအပြင်းအထန်ရရှိသွားတယ်လို့ ပြည်​နယ်​ လွှတ်​​တော်​ အမတ်​ ဦးတင်​​မောင်​၀င်းက ​ပြောပါတယ်​။ ဒီဖြစ်​စဉ်​နဲ့ ပတ်​သက်​ပြီး တပ်​မ​တော်​ သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ အတွင်း​ရေးမှူး ဗိုလ်မှူး​ချုပ်​​ ဇော်​မင်းထွန်းကလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောပေမယ့် အသေအပျောက် စာရင်းတွေကိုတော့ အသေးစိတ်ထုတ်ပြန်ပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ "ဒီ​နေ့မနက်​ အရုဏ် ၂ နာရီ​လောက်​မှာ ဖမ်းဆီးစစ်​​ဆေးနေတဲ့ လူ​တွေက အကြမ်းဖက်​ပြီး လွတ်​​မြောက်​ဖို့ ကြိုးစားလာတယ်​။ ကျနော်တို့ဘက်က ပထမ မိုး​ပေါ်​ထောင်​ပစ်​တယ်။ ​နောက် မထိန်းနိုင်​တဲ့အတွက်​ ပစ်​ခတ်​လိုက်​ရတာရှိတယ်။ ​သေဆုံးဒဏ်​ရာရရှိမှု စာရင်းကို အ​သေးစိတ်​ သတင်းထုတ်​ပြန်​သွားမှာဖြစ်​တယ်​။ ​နောက်​ကျန်​​နေတဲ့သူ​တွေကိုလည်း အပြစ်​ရှိတဲ့သူ​တွေကို ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​သွားမှာပါ" လို့ ​ပြောပါတယ်​။ သေဆုံးသွားသူတွေကတော့ ဦးသံခဲအောင်၊ ဦးဇော်လတ်၊ မောင်သန်းဦး၊ ဦးခမွီးချေ၊ ဦးထွန်းရွှေဝင်း နဲ့ ဦးမောင်ဝင်းတို့ ဖြစ်​​ကြပါတယ်။ ဒဏ်​ရာရသူတွေကိုတော့ ကျောက်တန်းရွာကနေ စေတီတောင်တိုက်နယ်ဆေးရုံ ပို့ဆောင်ထားပြီး နှစ်ဦးရဲ့အခြေအနေ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်​။ အခင်းဖြစ်ပွားတဲ့ရွာကို သွားရောက်ဖို့ ကြိုးစားခဲ့ပေမယ့် ရွာထဲကို ဝင်ခွင့်မရခဲ့ဘူးလို့ ဒေသခံ ​ပြည်​နယ်​လွှတ်​​တော်​အမတ်​ ဦးတင်​​မောင်​ဝင်းက ပြောပါတယ်​။ "ကျနော် အခုလက်​ရှိ သတင်းရတာက ၆ ဦး​သေတယ်​။ ၈ ဦးဒဏ်​ရာရတယ်​။ ​နောက်​ထပ် ဘယ်လောက်သေသလဲ၊ ဘယ်လောက်ဒဏ်​ရာရလဲ မ​ပြောနိုင်​ပါ။ ​ကျောက်တန်း​ကျေးရွာက ကျနော့်မဲဆန္ဒနယ်​ဖြစ်​တယ်​။ ဒါ​ကြောင့် စာသင်​​ကျောင်းမှာ ဖမ်းဆီး စစ်​​ဆေး​နေတာက ၂ ရက်​ ၃ ရက်​ ရှိနေပြီ။ သူတို့ ဘာမှမစားရဘူး။ ​ရေ​တောင်​ မ​သောက်​ရဘူး။ အဲ့ဒီအခက်​အခဲလေး​တွေကို ပြေလည်​​စေ​အောင်​ ညှိနှိုင်း​ပေးဖို့ ကျနော် မ​နေ့ ​ကျောက်​တန်းကို သွားခဲ့တယ်​။ ရွာထဲကို​တောင်​ ဝင်​ခွင့်​မ​ပေးဘူး။ တပ်​က တားဆီးတယ်​။ ကျနော်လာတာ ရခိုင်​ပြည်​နယ်​ လွှတ်​​တော်​ဥက္ကဋ္ဌကို ဖုန်းဆက်​အ​ကြောင်းကြား​တော့ ခရီးသွားခွင့်မတင်​လို့ သူ ဘာမှမလုပ်​​ပေးနိုင်​ဘူးလို့​ ဖြေကြား တယ်​။ ခရီးသွားခွင့်က တခြားမဲဆန္ဒနယ်တွေကို သွားတဲ့အခါမှသာ ခရီးစရိတ်​​တွေ ထုတ်​လို့ ရ​အောင်​ တင်​ရတာပါ။ အခုက ကျနော့်မဲဆန္ဒနယ်က ပြည်​သူ​တွေ ဒုက္ခ​ရောက်​​နေချိန်​မှာ သွား​ရောက်​​တွေ့ဆုံရမယ့်​တာဝန်​ အပြည့်ရှိပါတယ်​။" ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ ရွာသား ၂၀၀ ကျော်ကို ဧပြီ ၃၀ ရက် မနက်ကတည်းက တပ်မတော်စစ်ကြောင်းက စာသင်ကျောင်းမှာ ခေါ်ယူစစ်ဆေး​နေတာ ဖြစ်​ပါတယ်​။ ကျောက်တန်းကျေးရွာရှိ အိမ်ထောင်စု ၄၇၇ စုကို အိမ်ထောင်စုစာရင်းနဲ့ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာမှာ အသက် ၁၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိခဲ့လို့ ကျေးရွာစာသင်ကျောင်းမှာ ခေတ္တထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ စစ်ဆေးမေးမြန်းနေတာလို့ တပ်​မ​တော်​က သတင်းထုတ်​ပြန်​ထားပါတယ်​။ ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီ ၃ ရက် ​မနက်​ ၁၀ နာရီ​ကျော်​လောက်ကလည်း ကျောက်​တန်း​ ကျေးရွာနဲ့ ထီးစွဲကျေးရွာအကြား တံတားအနီးမှာ တပ်​မ​တော်​စစ်​​ကြောင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ ရ​ပါတယ်​။ ရ​သေ့​တောင်​မြို့နယ်​​၊ ကျောက်​တန်း​ကျေးရွာမှာ အိမ်ခြေ ၅၀၀ လောက်ရှိပြီး လူဦးရေ  ၂၀၀၀ ​ကျော်နေထိုင်​တဲ့​ ကျေးရွာကြီးတရွာ ဖြစ်ပါတယ်​။
2 years Ago
Up