ပစ်သတ်ခံရ

April 23, 2018

မလေးရှားတွင် ပါလက်စတိုင်းတဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မလေးရှားနိုင်ငံမှာ ပါလက်စတိုင်းတဦး  သေနတ်နဲ့ ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး သံသယရှိသူ နှစ်ဦးရဲ့ ဓာတ်ပုံတွေကို မလေးရှားရဲတပ်ဖွဲ့က ဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့က မြို့တော် ကွာလာလမ်ပူမှာ ဖာဒီအယ်ဘတ်ရှ်ဆိုသူ ပါလက်စတိုင်း တဦးကို ဆိုင်ကယ်စီး လူနှစ်ဦးက သေနတ်နဲ့ အနည်းဆုံး ၁၄ ချက် ပစ်ခတ်ခဲ့တာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ သံသယရှိသူ နှစ်ဦးဟာ ဥရောပ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသက ဖြစ်နိုင်တဲ့ အသားဖြူနှစ်ဦး ဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ ကိုယ်ခန္ဓာကြံ့ခိုင်သူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ  မိုဟာမက်ဖူဇီဟာရန်က ပြောခဲ့ပါတယ်။ ဂါဇာဒေသကို ကြီးစိုးနေတဲ့ ဟားမတ်စ်အဖွဲ့ကတော့ ဖာဒီအယ်ဘတ်ရှ် လုပ်ကြံခံရမှုအတွက် အစ္စရေး  သူလျှိုအဖွဲ့ (မော့ဆက်) ကို စွပ်စွဲထားပါတယ်။ ဖာဒီအယ်ဘတ်ရှ်ဟာ အဖွဲ့ဝင်တဦးဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောကြားပြီး အစ္စရေးကတော့ အဲဒီစွပ်စွဲချက်ကို ပယ်ချခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

April 22, 2018

ယီမင်တွင် အကျဉ်းထောင်ဝန်ထမ်းတဦး ပစ်သတ်ခံရ

ယီမင်နိုင်ငံ တာဇူးမြို့မှာ ၀န်ထမ်း ၁ ဦးပစ်သတ်ခံခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ပြောပါတယ်။ ICRC ၀န်ထမ်းတဦးဖြစ်တဲ့ လက်ဘနွန်နိုင်ငံသား ဟန်နာလာဟုနဲ့ ယီမင်အစိုးရအရာရှိတွေကို သေနတ်သမားတစ်စုက ကားပေါ်ကနေပစ်ခတ်ခဲ့တာပါ။ လာဟုဟာ ယီမင်နိုင်ငံရဲ့ ICRC အကျဉ်းထောင်အစီအစဉ်မှာ တာဝန်ရှိသူ တစ်ဦးဖြစ်ပါတယ်။ လာဟုဟာ မနက်ခင်း အကျဉ်းထောင်ကို သွားရောက်တဲ့အချိန်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး သေနတ်ဒဏ်ရာကြောင့် ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်းအချက် အလက်တွေရဖို့ ကြိုးစားနေတယ်လို့ ICRC က ဧပြီ ၂၁ ရက်နေ့မှာ ပြောပါတယ်။ “ယီမင်နိုင်ငံမှာ အကူအညီပေးဖို့ရောက်လာတဲ့ စေတနာ့ဝန်ထမ်းတယောက်ကို ပစ်မှတ်ထားပြီး အခုလို တိုက်ခိုက်မှုအတွက် ပြောစရာစကားမရှိပါဘူး။ ယီမင်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီ တကယ်လို အပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အဘက်ဘက်မှာ လိုအပ်နေတာပါ” လို့ ICRC ရဲ့ ပြောခွင့်ရအက်ဒနန် ဟစ်ဇယ် ကပြောကြားခဲ့တာပါ။ တိုက်ခိုက်မှုအတွက် အခုချိန်မှာ ဘာသတင်းမှ မရသေးတဲ့ကြောင်းနဲ့ မကြာခင်မှာ ဖြစ်ရပ်မှန်သိနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဟစ်ဇယ်ကပြောပါတယ်။ ယီမင်စစ်ပွဲအတွင်း လူအယောက် ၁ သောင်းကျော် သေဆုံးခဲ့ပြီး လူ ၂ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးပါပြီ။ နိုင်ငံတွင်းမှာလည်း အငတ်ဘေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား နေပါတယ်။
4 years Ago
More News
Up