ပစ္စုပ္ပန်ဟာ

A d v e r t i s e m e n t With Us

January 13, 2020

အတိတ်မှာ လွမ်းစရာကောင်းသလောက် ပစ္စုပ္ပန်ဟာ ညစ်ထေးထေး ပုပ်အက်အက် အနံ့ထွက်နေတဲ့ သုသာန်တစ သင်္ချိုင်းဝလို...

လက်ကျင်းခေတ် (ခေါက်စားခေတ်)၊ စက်ကျင်းခေတ်၊ ဖက်စပ်ခေတ်၊ သမအသင်းနှင့် ဖော်ထုတ်ခေတ်၊ ကုမ္ပဏီနှင့် အကျိုးတူခေတ်၊ ဒီမိုကရေစီ ခိုးကျင်းနှင့် လုံခြုံရေးနှင့် ထုပ်ဆီးထိုး ကစားရတဲ့ ရေမဆေးခေတ်… ခေါက်စားခေတ် (ဝါ ) အကြီးတရွက် အသေးတရွက်ခေတ်…။ ဖားကန့်ကို  ၁၉၉၄ ခုနှစ်ကတည်းက သူ စရောက်သည်။ တိတိကျကျ ပြောရရင် မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လား သူ မမှတ်မိတော့ပါ။ မြင်လွယ်အောင် ပြောရရင် လမ်းကြောင်းတလျှောက် စစ်တပ်က အစစ်အဆေးထူပြီး လယ်ပြင်ဂိတ်မှာ မှော်နင်းလက်မှတ် သုံးရာတန် ဖြ​တ်ရတဲ့ ခေတ်ပေါ့။ မှော်နင်းလက်မှတ်ခ ၃၀၀ မဖြတ်နိုင်လို့ တညလုံး ငုတ်တုတ်ထိုင်ခိုင်း၊ အမှိုက်ကျုံးခိုင်း၊ တောက်တိုမည်ရတွေ လုပ်ခိုင်းပြီးတော့မှ မှော်ထဲကို ခြေချခွင့်ပြုခဲ့တဲ့ အစိုးရဝန်ထမ်းတွေရဲ့ စေတနာတွေ ရေစီးကမ်းပြိုတဲ့ ခေတ်ပေါ့။ အဲဒီအချိန်က မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးစ စာချုပ်က မင်တွေ မခြောက်သေးတဲ့အချိန်။ နွေလယ်ကာလ ဆိုပေမယ့် နေပြောက်မထိုးတဲ့ သစ်တောတွေကြောင့် ညဘက်တွေဆိုရင် အနွေးထည် မထူမပါးလေးတွေ မဖြစ်မနေ ဝတ်နေရတုန်း။ တစ်ဆယ်တန်၊ ငါးကျပ်တန် အကြွေဆိုတာ မသုံးဘဲ အကြီးတရွက် (၉ဝ ကျပ်တန်)၊ အသေးတရွက် (၄၅ ကျပ်တန်) တွေကိုပဲ လှိုင်လှိုင်သုံးတဲ့ ဖားကန့်ကျောက်စိမ်းတွင်းရဲ့ ရွှေခေတ် ဆိုပါတော့။ လက်ဖက်ရည်တခွက် အသေးတရွက်နဲ့ ငါးသုံးလုံး စီးကရက်ကို လောပန်းနဲ့ ကျင်းသားတွေ ပျင်းတိုင်း သောက်တဲ့ခေတ်ပေါ့။ အဲဒီအချိန်က အတွေ့ရအများဆုံး ဆိုင်းဘုတ်ကလေးတွေက “ကျင်းသား အလိုရှိသည်” တဲ့။ ဒီဆိုင်းဘုတ်လေးတွေက ဘယ်သူတွေ ဘယ်ကလာလာ၊ ဘယ်လောက်လာလာ လာသမျှ မောင်းမတထောင်သားတွေအားလုံးကို အလုပ်ပေးနိုင်သည့် သင်္ကေတလို့ သူ ထင်သည်။ တကယ်ပင် သူ ထင်သလို ဖြစ်နေသည်။ အဲဒီချိန်က ကျောက်စိမ်းတူးဖို့အတွက် လောပန်းတိုင်းမှာ ကျင်းသားအင်အား လိုအပ်ချက် များလျက်ရှိသည်။ ဒီအရင်က သူ မမီလိုက်သည့် ရေငုပ်ကျင်းခေတ် ဆိုတာလည်း ရှိသေးသည်။ ၁၉၈၈ မတိုင်ခင်ကဟု ဆိုသည်။ ကျောက်စိမ်းကို ကုန်းပေါ်မှာ မတူးဘဲ ချောင်းထဲမှာပဲ ရေငုပ်ပြီး ရှာကြသည် ဆိုပဲ။ ရေထဲ ကျောက်စိမ်း ငုပ်ရှာသူကို စက်ဘီး လေထိုးတံနဲ့ အောက်ဆီဂျင် ဖန်တီးပြီး ရှာရသည်ဟု ကိုယ်တိုင် လုပ်ကိုင်ခဲ့ရဖူးသည့် တရုတ်လူမျိုး ဦးလေးကြီး တယောက်က သူ့ကို ပြောပြသည်။ သူကတော့ ဖားကန့်မြို့မှာ သူ့ဦးလေး တော်စပ်သူနဲ့ အစ်ကိုတော်စပ်သူ လူခံတွေ ရှိနေတော့ သူများတွေလို “ကျင်းသား အလိုရှိသည်” ဆိုင်းဘုတ် ပိုင်ရှင်တွေဆီမှာ အလုပ်လျှောက်စရာမလို။ ကျောက်စိမ်းတူး မသွားခင် ဖားကန့်မြို့နဲ့ လုံးခင်း၊ ဆိုင်းတောင် (ယခု ဆိပ်မူ) ရွာတွေကို လိုက်ပြသည်။ ဖားကန့်ကြီး ပိတ်တန်း ဆိုပြီး ဥရုချောင်းကို ကန့်လန့်ပိတ်ပြီး ကျောက်စိမ်းတူးနေသည်ကို တွေ့ရသည်။ သူ ရေချိုးချင်ရင် ဥရုချောင်းကို သွားချိုးရသည်။ အားကောင်းမောင်းသန် အမျိုးသား ငါးရာလောက် စီတီ ဘောင်းဘီတွေနဲ့ ရေချိုးနေသော လူအုပ်ကြီးကြားမှာ ရေချိုးရသည်။ ညဘက်ရောက်တော့လည်း လျှပ်စစ်မီးတွေက ရန်ကုန်ထက်ပင် ထိန်ထိန်လင်းနေသည်။ ကိုယ်ပိုင် ဂျင်နရေတာတွေနဲ့ အိမ်တိုင်း မီးထွန်းထားခြင်း ဖြစ်သည်။ အဲဒီအချိန်က ဖားကန့်ကို ဒုတိယ ဟောင်ကောင်လို့တောင် တင်စားပြီး ခေါ်နေတာကို သူ ခဏခဏ ကြားခဲ့ရသည်။ ညဘက်တွေဆိုရင် လမ်းလယ်ကောင် လမ်းအူကြောင်းပေါ်မှာ ရှမ်းတရုတ်မလေးတွေက ညစျေးတန်းတွေ လာဖွင့်သည်။ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ဆခုမ်၊ နိုက်ခြောက်ကင်၊ ကြက်ဥကစော် ဆိုတာမျိုးတွေ ရောင်းကြသည်။ ကြက်ဥကစော် ဆိုတာကို ဖားကန့် ရောက်မှ သူ ကြားဖူး၊ စားဖူးခဲ့သည်။ လမ်းမကြီးကို ခါးလယ်က ပိုင်းပြီး ညဈေးဆိုင်တွေ ခင်းလိုက်တော့ လမ်းက နှစ်လမ်းသွား ဖြစ်လာသည်။ အဲဒီလမ်းတွေပေါ်မှာ ညဦးပိုင်းကနေ ညဉ့်နက်သည်အထိ လူလှိုင်းလုံးကြီးသဖွယ် လမ်းပြည့်လမ်းကျပ် သွားလာနေကြသည်။  အဲဒီအချိန်က လူတွေရဲ့ မျက်နှာတွေမှာ မျှော်လင့်ချက် ကိုယ်စီနဲ့ လွတ်လပ်ပေါ့ပါးနေတာကို သူ သတိထားမိသည်။ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပျားပန်းခပ်သော လူအုပ်ကြီးက ညဘက်တွေမှာဆို လမ်းပေါ်မှာ အပြည့်။ တနင်္ဂနွေလို ရက်တွေမှာဆို ကြက်ပျံမကျ လူအုပ်ကြီးက တနေကုန် လမ်းမတွေပေါ်မှာ လှုပ်လှုပ်ရွရွ။  ကျောက်စိမ်းမြေကြီးကလည်း ပဂတိနီးနီး လှပတန်ဖိုးရှိနေဆဲ။  ဥရုချောင်းဆိုတာ ကြည်စိမ်း အေးမြပြီး မနောသူလေးတွေရဲ့ အလှနဲ့ နင်လားငါလား အလှချင်း ပြိုင်နေချိန်ပေါ့။ လမ်းဘေးဝဲယာ တဖက်တချက်မှာတော့ ရှမ်းလောင်းကစားနည်း တမျိုးဖြစ်တဲ့ သုံးဆယ့်ခြောက်ကောင် အပါအဝင် ဖိုက်ကြူး (တရုတ် ဖဲကစားနည်း)၊ မာဂျန်( တရုတ် ဖဲရိုက်နည်း တမျိုး)၊ လေးကောင် ဂျင်ဝိုင်းတွေဟာ စည်စည်ကားကား ရှိလှသည်။ ဒီလို လောင်းကစားဝိုင်းတွေကို သူ ဒီရောက်မှ မြင်တွေ့ဖူးပြီး အရာရာဟာ အထူးအဆန်း ဖြစ်နေသည်။ သူ ရောက်စက ဖားကန့်ကျောက်တူးတဲ့စနစ်က လူအင်အားသုံးပြီး တူးရတဲ့ခေတ်။ လက်ကျင်းခေတ်။ ကုန်းကျင်းခေတ်ကို ရောက်နေပြီ။ ဒီခေတ်အရင်က ချောင်းထဲမှာ ရေငုပ်ပြီး ကျောက်စိမ်းတူးရသည့်ခေတ်ဆိုတာ ရှိသေးသည်။ စွန့်ပစ်မြေစာကို လူအင်အားနဲ့ ပစ်ရသည်။ ဥရုချောင်းကြီးကို ကန့်လန့်ဖြတ်ပိတ်ပြီး ကျောက်တူးသည့် ဖားကန့်ကြီး ပိတ်တန်းနဲ့ ဖားကန့်ကြီးမှော်ဟာ မြေစာအငှားပစ်တဲ့ လူတွေနဲ့ အစည်ကားဆုံး ဖြစ်သည်။ ကျောက်ကျင်းတွေထဲက မြေစာ အငှားပစ်သူတွေကို ခေါက်စားထမ်းသည်ဟု ခေါ်ကြသည်။ ကျင်းထဲက ကျောက်စိမ်း မဟုတ်တဲ့ ကျောက်ခဲနဲ့ မြေစာတွေကို အပြင်သယ်ထုတ်ရင် တခေါက်ချင်း ငွေပေးရသည်။ မြေစာသယ်ရင် ဈေးတမျိုး၊ ကျောက်ခဲသယ်ရင် စျေးတမျိုး၊ ညစ်ပတ်တဲ့ ရွှံ့ဗွက်သယ်ရင် တဈေး ဆိုပြီး ဈေးနှုန်းတွေ သတ်မှတ်ထားသည်။ သူတို့ကိုတော့ အဲဒီခေတ်က အဲဒီဒေသမှာ ‘ခေါက်စားသမားတွေ’ လို့ပဲ အလွယ် ခေါ်ကြသည်။ သူဟာ ခေါက်စားခေတ်ကို အနည်းငယ်မျှသာ မီလိုက်သည်။ ခေါက်စားအကြောင်းတွေကိုတော့ သူနှင့်အတူ ကျင်းတူးတဲ့ မှော်ကြာ ကျင်းခေါင်းက ပြောပြလို့ သိရခြင်း ဖြစ်သည်။ အဲဒီခေတ်ကိုတော့ ဖားကန့်မှော်ကြာတွေက ခေါက်စားခေတ်လို့ အလွယ်မှတ်သားကြသည်။ ၁၉၉ဝ နှင့် ၁၉၉၆ နှစ်များဆီက ဖြစ်သည်။ သူ့လောပန်းက မှော်စီစာက ကျောက်ကျင်းတွေဆီ ကျောက်တူးဖို့ ပို့သည်။ အဲဒီအချိန်က သူ့အသက်က နှစ်ဆယ်ပင် မပြည့်သေး။ ကျင်းထဲမှာ အငယ်ဆုံးမို့ ကျောက်ခဲထမ်းရသည်။ မြေစာပစ်ရသည်။ မိုးတွင်းရောက်တော့ ကျင်းသိမ်းရသည်။ ထိုအချိန်က ဖားကန့်မိုးသည် ရက်ပေါင်းများစွာ အဆက်မပြတ် ရွာလေ့ရှိသည်။ ဒါကြောင့် မိုးတွင်းမှာ ကျောက်ကျင်းတွေ အားလုံး နားကြတာ သူ သိလာသည်။ နေမမြင်ရလို့ လျှော်ပြီးသား အဝတ်တွေကို မီးကင် ဝတ်ရတာကို သတိရမိသည်။ မိုးတွင်းရောက်တာနဲ့ ဖားကန့် ငှက်ဖျားက သူ့ကို စတင် မိတ်ဆက်တော့သည်။ မိုးတွင်း ကုန်ဈေးနှုန်းသည် အားလုံး ပြောင်းလဲကုန်သည်။ ဖားကန့်ကို လူသုံးကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေ ရောက်မလာတော့။ ယာဉ်တန်းနှင့် လုံခြုံရေးဖြင့် ကာမိုင်း-ဖားကန့်ကို ကားတွေ အဆင်း အတက် လုပ်ကြရသည်။ အောက်ပြည်အောက်ရွာမှာ ကြက်သား၊ ဝက်သား၊ အမဲသား တပိဿာ တထောင်ကျော်သာ ဝယ်စားရသည့်အချိန်မှာ ဖားကန့်မှာ တသောင်းခွဲနီးနီးဖြင့် ဝယ်စားနေရသည်။ ထူးထူးဆန်းဆန်း ခရမ်းချဉ်သီး တပိဿာ ခြောက်ထောင် ဆိုတာလည်း ကြားခဲ့ရဖူးသည်။ ဒါတောင် လိုသလောက်ကို လိုချင်တိုင်း ဝယ်လို့ မရဟု အဘွားဖြစ်သူက ပြောပြသည်။ ကုန်ဈေးနှုန်းကြီးတာလည်း မပြောနှင့်။ အရေးအခင်းပြီးစ နိုင်ငံအနှံ့အပြားက လူတွေ စီးပွားရှာဖို့ စုပြုံရောက်ရှိနေတဲ့ အချိန်ပေါ့။ ငြိမ်းချမ်းရေးက ပူပူနွေးနွေး။ လမ်းပန်းဆက်သွယ်ရေး ဆိုတာကလည်း မိုးရာသီဆိုရင် ဖားကန့်ကျောက်စိမ်းမြေဟာ သီးခြားကမ္ဘာငယ်လေး တခုပမာပေါ့။  ဒီအခြေအနေတွေကပဲ ဖားကန့်ရွှေခေတ် ဆိုတာကို ဖန်တီးပေးဟန်တူ၏။ ဖားကန့်ရဲ့ ရွှေခေတ်က အကြီးတရွက်၊ အသေးတရွက် ခေတ်နှင့်အတူ ခေါက်စားဆိုတဲ့ ကျောမွဲ လူတန်းစားတရပ် ပေါ်ပေါက်ခဲ့ပြန်၏ ။ ဇော်မိုးထက် (ဖားကန့်)
1 year Ago
Up