ပစ္စည်းလု၊ ဒေသခံများ ထွက်ပြေး

August 22, 2021

ဒီပဲယင်းမြို့နယ်၌ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်၊ ကြက်ဝက်သတ်စား ပစ္စည်းလု၊ ဒေသခံများ ထွက်ပြေး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင်းက ကျေးရွာပေါင်း ၂၀ လောက်ကို ဩဂုတ် ၂၁ ရက် မနက်မှာ  အကြမ်းဖက်စစ်တပ်က ထိုးစစ်အသွင်ဆောင်ပြီး ရွာတွေကို စီးနင်းနေလို့ ဒေသခံရွာသား သောင်းချီထွက်ပြေးနေကြရပါတယ်။

စစ်တပ်က ရွာတွေကို အကြမ်းဖက်စီးနင်းတာတွေလုပ်တဲ့အပြင် ရဟတ်ယာဉ်နဲ့ပါ တောတောင်အနှံ့ လှည့်ပတ်ပျံသန်းနေလို့ လုပ်လက်စစိုက်ပျိုးရေးလုပ်ငန်းတွေ ပစ်ထားခဲ့ရပြီး ဒေသခံ ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ် ၂၁ ရက်မနက် ၁ နာရီလောက်ကစပြီး စစ်ကောင်စီစစ်ကြောင်းတစ်ခုက ညောင်လှရွာ၊ ကုန်းကြီး၊ ဘန့်ဘွေး၊ ညောင်လှ၊ မူးခတွင်း၊ လက်ယက်ကုန်း၊ ဝဲကြီး၊ ညောင်ကြီးကုန်း၊ မဲအိုးအထိ သွားကြပြီး မဲအိုးရွာမှာ ညအိပ်တပ်စွဲကာ ရွာထဲမှာရှိတဲ့ ကြက်ဝက်တွေ သတ်ဖြတ်ချက်စားသွားကြတဲ့အပြင် အိမ်တွင်းပစ္စည်းတွေပါ ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်ဘက်ကတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ကားတစ်စီး ဆိုင်ကယ် ၁၃ စီး၊ အင်အား ၅၀ လောက်နဲ့ ဩဂုတ် ၂၀ ရက် ည ၁၁ နာရီလောက်ကစပြီး  မူးကမ်းကြီးကျေးရွာ၊ တည်တော၊ မြို့ကြီး၊ ယဉ်ကျေးရွာ၊ မူးရိုးကုန်းရွာတွေကို ဝင်မွှေကာ အိမ်တွင်းပစ္စည်းနဲ့ စားစရာတွေယူသွားကြတယ်လို့သိရပြီး အနီးအနားဝန်းကျင်က ကျွဲတိုးခြုံ၊ ကြူတော၊ ချောင်းမီးတို စတဲ့ ကျေးရွာတွေက ရွာသားတွေလည်း ထွက်ပြေးနေကြရပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက  “ကျမတို့မြို့နယ်ကို ကယ်ကြပါဦး၊ အခုလို ထပ်ခါထပ်ခါ ကျမတို့ရွာတွေကို အမွှေခံရတော့၊ စားစရာ၊ ဝတ်စရာ၊ သုံးစရာငွေကိုမရှိတော့ဘူး၊ တစ်ဦးနဲ့တစ်ဦး ဖလှယ်သုံးနေကြရတာလဲ ကြာတော့ ဖလှယ်စရာကို မရှိတော့ဘူး။ မနေ့ကဆိုရင် ညနေပိုင်း စစ်တပ်ကရွာထဲရောက်လာတော့ တောမှာကောက်စိုက်‌နေကြတဲ့ ကောက်စိုက်မတွေ အိမ်လည်း ပြန်မရ အဝတ်အစားတွေကလည်း အစိုတွေနဲ့ လယ်ကန်သင်းပေါ်မှာပဲ တညလုံး ထမင်းအဆာခံပြီး ထိုင်နေကြရတာ။ စစ်တပ်ထွက်သွားလို့ မနက်အိမ်ပြန်တော့ စားစရာမပြောနဲ့ ရှိတဲ့ဆန်လေးတွေတောင် သွန်ပစ်ထားခဲ့ကြလို့  ထမင်းချက်စရာ မရှိဖြစ်ကြရတယ်။ ဒီပဲယင်းမြို့နယ်ကို ကူညီကြပါဦး ၊ ကယ်ကြပါဦးလို့ပဲ အော်လိုက်ချင်တော့တယ်”လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်စီးနင်းမွှေနှောက်တာ ၅ ကြိမ်ထက်မနည်းရှိသွားပြီဖြစ်ပါတယ်။

အခုအချိန်အထိ ကနီဘက်ကပြန်လာတဲ့ စစ်တပ်တချို့က ဒီပဲယင်းအနောက်ခြမ်း ဘုတ်ထန်းရွာဘက်ရောက်နေလို့ နီးစပ်ရာရွာသားတွေထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up