ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား

February 5, 2019

အမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူကိုင်းကျေးရွာအုပ်စု ရှောက်ခြုံကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမှာ ဖေဖော်ဝါရီ ၄ ရက် ည ၉ နာရီလောက်က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့  အနီးအနားကျေးရွာ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးကို ဒီဗွီဘီက ဖုန်းဆက်သွယ်ရာမှာ “မနေ့က ၈ နာရီခွဲလောက် မိုင်းသုံးလုံး ကွဲတာပါ။ တပ်က ရှင်းတဲ့လင်းတဲ့အခါမှာတော့ နည်းနည်း ပါးပါး သေနတ်သံကြားပစ်တာပေါ့ဗျာ။ ညကတည်းက ပြီးသွားပါပြီ။ အခုက ကားတွေ ပုံမှန်သွားနေပါပြီ။ စစ်တပ်ကား ၅ စီးဖြတ်လို့ ၁၅ မိနစ်ကြာမှ ကွဲတာပါ။” လို့ပြောပါတယ်။ မဲလက်မောင်အုပ်ချုပ်ရေးမှူး ကိုဝေလင်းလည်း “မနေ့ညက ၉ နာရီလောက်ရှိမယ်။ ပထမပေါက်ကွဲသံက တော်တော်ကျယ်ကျယ် လောင်လောင် ကြားရတယ်။ နောက်ထပ်နှစ်လုံး ပေါက်ကွဲသံကတော့ နည်းတယ်။ သေနတ်သံတွေ၊ လက်နက်ငယ်သံတွေ ဆက်တိုက်ကြား လာရတယ်။ ကျနော်တို့ရွာနဲ့ဆိုရင် သုံးမိုင်လောက်ဝေးပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ ဒီလိုပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကြောင့် အနီးအနားက ကျေးရွာတွေက ရွာသားတွေ  ကြောက်လန့်ပြီး မဲလက်မောင်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင် လာခဲ့ကြပါတယ်။ ရှောက်ခြုံကျေးရွာက ကြောက်လန့်ထွက်ပြေးလာတဲ့ ဒေသခံတဦးက “ကျနော်တို့ ကြားတာက လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွရော ကြားပါတယ်။ လက်နက်ကြီး အသံတွေ ကြားပြီးမှ လက်နက်သံတွေထပ်ပစ်တယ်။ ကျနော်တို့ တောင်ယာ မီးရှို့သလားပေါ့။ မဟုတ်ဘူး။ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်လာတယ်။ လက်နက်ကြီး လေးလုံးပစ်တယ်။ ပြီးတော့မှ လက်နက်ငယ်တွေ ပစ်ကြတယ်။ ဒီကနေ့မနက်ပိုင်းက ကျနော်တို့ အုပ်ချုပ်ရေးမှူးနဲ့ အဲဒီနေရာကို သွားကြည့်တဲ့အခါမှတော့ ကျည်ဆန်ခွံတွေ ရရှိထားပါတယ်”လို့ ပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့  ထိခိုက်ဒဏ်ရာရှိသူတစုံတရာ မကြားမိသေးဘူးလို့ မဲလက်မောင် အုပ်ချုပ်ရေးမှူးကရော  အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးကပါ ပြောကြားပါတယ်။
2 years Ago

May 16, 2018

ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မူဆယ်မြို့မြင်ကွင်း (ဓာတ်ပုံ)

  မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမြို့တမြို့ ဖြစ်တဲ့ မူဆယ်မြို့ပြင်က ပန်ခမ်းတံတားမှာရှိတဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်(ဌာနေ)စခန်း၊ ရဲတပ်ဖွဲ့စခန်းနဲ့ လောင်းကစားရုံကို တီအန်အယ်လ်အေ တပ်ဖွဲ့က မေလ ၁၂ ရက်မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လက်ရှိအချိန်ထိ မူဆယ်မြို့ပေါ်မှာတော့ လူအသွားအလာ နည်းပါးနေတဲ့အပြင် ကုန်တင်ယာဉ်နဲ့ အခြားယာဉ်တွေလည်း အသွားအလာ နည်းပါးနေပါတယ်။ တရုတ်နိုင်ငံသားတွေ မြန်မာဘက်ခြမ်းကို အဝင်နည်းပါးနေတာ တွေ့မြင်ရပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေးလည်း ထိခိုက်မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာရှိခဲ့ပါတယ်။
3 years Ago
Up