ပစိဖိတ်နိုင်ငံများ ကုန်သွယ်ရေးသဘောတူညီမှုအဖွဲ့မှ နုတ်ထွက်မည်ဟု ဒေါ်နယ်ထရမ့် ပြော

November 23, 2016

ပစိဖိတ်နိုင်ငံများ ကုန်သွယ်ရေးသဘောတူညီမှုအဖွဲ့မှ နုတ်ထွက်မည်ဟု ဒေါ်နယ်ထရမ့် ပြော

အရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိသမ္မတ အိုဘားမားနဲ့ ပစိဖိတ်ကမ်းရိုးတန်းနိုင်ငံတွေ ဖော်ဆောင်နေတဲ့ ပစိဖိတ်နိုင်ငံများ ကုန်သွယ်ရေး သဘောတူညီမှုအဖွဲ့ကနေ နုတ်ထွက်မယ်လို့ ထပ်မံပြောဆိုပါတယ်။ ဒေါ်နယ်ထရမ့်က ရုပ်သံမေးမြန်းခန်းတခုမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပြီး တာဝန်စယူတဲ့ ပထမဆုံးနေ့မှာပဲ နုတ်ထွက်မယ်လို့ ပြောဆိုခဲ့တာပါ။ ပစိဖိတ်နိုင်ငံများ ကုန်သွယ်ရေးသဘောတူညီမှု (တီပီပီ) အဖွဲ့မှာ ပစိဖိတ်သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့နိုင်ငံ လောလောဆယ် ၁၂ နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားပြီး ကမ္ဘာ့စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းကိုပိတ်တဲ့ ကျောက်မီးသွေးထုတ်လုပ်မှု ကန့်သတ်ချက်တွေကို ဖြေလျော့မယ်၊ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတွေကိုလည်း ဖြေလျော့မယ်လို့ ပြောဆိုတာပါ။ ဒီတကြိမ်တော့ သူမဲဆွယ်တုန်းက ပြောဆိုနေကျဖြစ်တဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် (Obamacare) ကို သူ တာဝန်စယူတာနဲ့ ဖျက်သိမ်းမယ်တို့၊ မက္ကဆီကိုနိုင်ငံနဲ့ အုတ်တံတိုင်းကာမယ်ဆိုတာတို့ မပြောတော့ပါဘူး။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က မမျှော်လင့်ဘဲ အနိုင်ရရှိလိုက်တဲ့အတွက် မြို့ကြီးတွေမှာ သူ့ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ရက်ဆက်ဖြစ်ပွားခဲ့ပါတယ်။ တီပီပီ ကုန်သွယ်မှုသဘောတူညီမှုအဖွဲ့ကတော့ ဥရောပသမဂ္ဂအဖွဲ့ (အီးယူ) လို ပစိဖိတ်သမုဒ္ဒရာတွင်းနိုင်ငံတွေ အချင်းချင်း လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန် တည်ဆောက်ဖို့ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်လည်း ဖြစ်လာမှာပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ တီပီပီမှာ အမေရိကန်ပါဝင်ရင်တော့ ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
6 years Ago
Up