ပင်လယ်လိပ် ၇ ကောင်

December 22, 2019

အင်ဒိုနီးရှားတွင် ပင်လယ်လိပ် ၇ ကောင်ကို ပင်လယ်ထဲ ပြန်လွှတ်ပေး

ကမ္ဘာမှာ အကောင်ရေ လျော့နည်းလာနေတဲ့ ပင်လယ်လိပ် ၇ ကောင်ကို အင်ဒိုနီးရှားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဒီဇင်ဘာ ၂၀ ရက်မှာ ပင်လယ်ထဲ လွှတ်ပေးခဲ့ပါတယ်။ ဘာလီကျွန်းကူတာကမ်းခြေမှာလုပ်တဲ့ ပင်လယ်လိပ်လွှတ်ပွဲကို ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဒေသခံတွေ လာရောက်ကြည့်ရှုခဲ့ပါတယ်။   အဲဒီပင်လယ်လိပ်တွေဟာ ခန့်မှန်း အသက် ၃၀ ကနေ  ၄၀ အကြားရှိပြီး အလေးချိန် ကီလို ၆၀ ကနေ ၁၀၀ ကြား ရှိပါတယ်။ အဲဒီလိပ်တွေကိုလေကြောင်းရဲတပ်ဖွဲ့က တွေ့ရှိပြီး ပိုင်ရှင်ကို ရှာမတွေ့ဘူးလို့ ဘာလီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ရှိသူက ရှင်းပြခဲ့ပါတယ်။  ပင်လယ်လိပ်တွေဟာ ကောင်ရေအနည်းငယ်သာရှိတာမို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ထမ်းတွေက အဖွဲ့အစည်းအမျိုးမျိုးနဲ့ ပူးပေါင်းပြီး ပင်လယ်လိပ်တွေအပေါ် အမြတ်ထုတ်တာကို ကာကွယ်တားဆီးနေတယ်လို့လည်း ပြောပါတယ်။   အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပင်လယ်လိပ်မျိုးစိတ် မြောက်မြားစွာ နေထိုင် ကျက် စားပါတယ်။ အင်ဒိုနီးရှားမှာ ပင်လယ်လိပ်နဲ့ အစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားတာကို   ဥပဒေအရ တားမြစ်ထားပေမယ့် ဘာလီကျွန်းအခမ်းအနားတွေမှာတော့ ပင်လယ်လိပ် အစိတ်အပိုင်းတွေကို အစဉ်အလာအရ အသုံးပြုတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။   
2 years Ago
Up