ပင်လယ်ဖျံ

October 18, 2019

အုပ်ထိန်းသူမဲ့ ပင်လယ်ဖျံလေး  ၆ ကောင်ကို ပင်လယ်ထဲ ပြန်လွှတ်

ပီရူးကမ်းခြေမှာ အုပ်ထိန်းသူမဲ့နေရှာတဲ့ ပင်လယ်ဖျံ လေး  ၆ ကောင်ကို အော်ကာ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က ကယ်ဆယ်ပြီး သူတို့ဘာသာ လှုပ်ရှားသွားလာနိုင်ချိန်မှာ  ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။     အောက်တိုဘာ ၁၆ ရက်နေ့က ပီရူးကမ်းခြေမှာ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တဖွဲ့က ကယ်ဆယ်ထားတဲ့ ပင်လယ်ဖျံလေး ၆ ကောင်ကို ပင်လယ်ထဲ အောင်မြင်စွာ ပြန်လွှတ်ပေးလိုက်တာလို့ အော်ကာတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကာလို့ ယိုက်ပင်က ပြောပါတယ်။  “အထီးက  ၅ ကောင်၊ အမက ၁ ကောင်။ အရွယ်အားဖြင့် ၇ လ သားလေးတွေပါ။ ၁ ကောင်စီ အလေးချိန် ကီလို ၂၀ ဝန်းကျင်ရှိပါတယ်။ သူတို့ရောက်လာတုန်းက မိခင်တွေလည်းမပါ၊ အာဟာရဓာတ်ချို့တဲ့ပြီး ရေဓာတ်ခန်းခြောက်နေတာ၊ ကံကောင်းပါတယ်။ သူတို့ပြန်နာလန်ထအောင်၊ တကောင်တည်း ရှင်သန်နိုင်အောင် တလခွဲလောက် အချိန်ပေး သင်ပြီးတဲ့နောက်မှာ ပြန်လွှတ်ပေးလို့ရတဲ့ အနေအထား ရောက်လာပါတယ်။” အဲဒီ ပင်လယ်ဖျံလေး  ၆ ကောင်ကို လီမာကမ်းခြေမှာ တွေ့ခဲ့ပြီး စတွေ့ချိန်မှာတော့ သူတို့ဟာ ငါးမဖမ်းနိုင်၊ ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်တဲ့ အခြေအအနေကြောင့် ကယ်ဆယ်ခဲ့ပြီး ပြန်ကျန်းမာလာအောင် ကူညီပေးခဲ့တာလို့ ဆိုပါတယ်။ ပစိဖိတ်သမုဒ္ဒရာအပူချိန် အပြောင်းအလဲရှိတာကြောင့် ပီရူးကမ်းခြေမှာ ငါးကောင်ရေ လျော့နည်းလာနေပြီး အကျိုးဆက်အနေနဲ့ ပင်လယ်ဖျံတွေဟာ သူတို့အစာအာဟာရအတွက် ဒေသခံ တံငါသည်တွေနဲ့ လုပြီး ငါးဖမ်းနေရတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေ ပြောပါတယ်။ ပီရူးမှာရှိတဲ့ ပင်လယ်ဖျံ အရေအတွက်ဟာ  လွန်ခဲ့တဲ့ အနှစ် ၃၀ က ကောင်ရေ ၁ သိန်းခွဲ ရှိရာကနေ အခုအခါမှာတော့ ၃ သောင်းခွဲအထိ လျော့နည်းလာတယ်လို့ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
2 years Ago
Up