ပင်လည်ဘူးမြို့

April 6, 2021

ပင်လည်ဘူးမြို့၌ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူ အနည်းဆုံး ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့မှာ ဧပြီ ၅ ရက်က စစ်​ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူအနည်းဆုံး ၃ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရကာ ကျည်ဆန်ပေါင်ထိမှန်သူ ၁ ဦးနဲ့ လက်မောင်းထိမှန်သူ ၁ ဦး အဖမ်းခံရပါတယ်။

မနေ့မနက်က ပင်လည်ဘူး ပင်မသပိတ်စစ်ကြောင်းဟာ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက သင်တန်းပေးနေတဲ့စာသင်ကျောင်းရှေ့ကနေ ဖြတ်အသွားမှာ ရဲနဲ့စစ်တပ်က သေနတ်နဲ့ စတင်ပစ်ဖောက်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးနဲ့  ကျောင်းသား နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီအတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကနေ အကြမ်းဖက်အင်အားသုံးဖြိုခွင်းခံရကာ အသက် ၂၀ ဝန်းကျင်လူငယ်အမျိုးသားတစ်ဦး ဆီခုံထိမှန်သေဆုံးခဲ့တဲ့အပြင် မိန်းကလေးငယ်တစ်ဦးမှာ လက်မောင်းထိမှန်ခဲ့ပြီး ယောက်ျားလေးတစ်ဦးမှာတော့ ခြေထောက်ကို ထိမှန်ကာ စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ညနေပိုင်းမှာတော့  ပြည်သူတွေက တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံခဲ့ရာမှာ ပြည်သူ ၂  ယောက်ကျဆုံးကာ မြို့နယ်မှူးနဲ့ ရဲ ၂ ယောက် သေသွားတယ်လို့ ပင်လည်ဘူးဒေသခံတစ်ဦးက ပြောပါတယ်။ ရဲတွေသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ပင်လည်ဘူးမြို့နယ် ထွေအုပ်ရုံး၊ တရားရုံးနဲ့  ရဲစခန်းလည်း မီးရှို့ခံရပြီး အသေးစိပ်မသိရသေးပါဘူး။ 

ပင်လည်ဘူးမြို့မှာ မနေ့ကစပြီး  တူမီးတော်လှန်ရေး စတင်ကြောင်း ဒေသခံပြည်သူတွေက ကြေညာထားပါတယ်။

စစ်အာဏာရှင်တိုက်ပွဲအတွင်း ပင်လည်ဘူးမြို့က ပထမဆုံးအကြိမ်အဖြစ် ထိခိုက်ကျဆုံးတာလည်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ်၁၀ မြို့နယ်မှာ အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးသူ ၆၁ ဦးရှိပြီလည်းဖြစ်ပါတယ်။

ဧပြီ ၄ ရက်အထိ ကောက်ခံရရှိထားတဲ့ စာရင်းအရ နွေဦးတော်လှန်ရေးအတွင်း  ရဲနဲ့စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့်ကျဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း အယောက် ၅၇၀ ရှိခဲ့ပြီး အမှန်တကယ် ကျဆုံးသူအရေအတွက်ဟာ ဒိထက်ပိုများနိုင်တယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။  

1 month Ago

April 5, 2021

ပင်လည်ဘူးမြို့၌ စစ်တပ်နှင့်ရဲက ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးကျဆုံး၊ ၂ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာ  ဒီကနေ့ ဧပြီလ ၅ ရက် နေ့လည်ပိုင်းက ပင်မသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့လို့ ပြည်သူ ၁ ယောက် ကျဆုံးကာ ၂ ယောက် ကျည်ဆန်ထိမှန်  ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်အဖမ်းခံခဲ့ရပါတယ်။

ပင်မသပိတ်စစ်ကြောင်းက ပညာရေးဝန်ထမ်းတွေကို သင်တန်းပေးနေတဲ့ စာသင်ကျောင်းရှေ့ကနေ ဖြတ်အသွားမှာ သေနတ်နဲ့ စတင်ပစ်ဖောက်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၁ ဦးနဲ့  အမျိုးသား ၂ ဦး  ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီအတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကနေ အကြမ်းဖက်အင်အားသုံးဖြိုခွင်းခံရကာ အသက် ၂၀ ဝန်းကျင်လူငယ်အမျိုးသား ၁ ဦး  ဆီးခုံ ထိမှန်သေဆုံးခဲ့တဲ့အပြင် မိန်းကလေးငယ် ၁ ဦး  လက်မောင်းထိမှန်ခဲ့ပြီး ယောက်ျားလေး ၁ ဦးကတော့  ခြေထောက်ကို ထိမှန်ကာ စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ကသာအကျဉ်းထောင်ပို့ဖို့ စီစဉ်နေတဲ့အတွက် ဝိုင်းဝန်းတားဆီးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တိုက်ပွဲအတွင်း ပင်လည်ဘူးမြို့က ပထမဆုံးအကြိမ်အဖြစ် ထိခိုက်ကျဆုံးတာလည်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ်၁၀ မြို့နယ်မှာ အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးသူ ၆၁ ဦးရှိပြီလည်းဖြစ်ပါတယ်။

1 month Ago
Up