ပင်မအားကစားပြိုင်ပွဲများ

December 10, 2019

ရုရှားနိုင်ငံကို အိုလံပစ် အပါအဝင် ပင်မအားကစားပြိုင်ပွဲများ၌ ဝင်ပြိုင်ခွင့် ၄ နှစ်ပိတ်ပင်

ကမ္ဘာလုံးဆိုင်ရာ တားမြစ်ဆေးသုံးစွဲမှုတိုက်ဖျက်ရေးအေဂျင်စီ  (Wada) က ရုရှားနိုင်ငံကို ပင်မအားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ၄ နှစ်ပိတ်ပင်လိုက်တယ်လို့  BBC သတင်းမှာ ဖော်ပြပါတယ်။  ဒီပိတ်ပင်မှုကြောင့်  ရုရှားအားကစားသမားတွေဟာ တိုကျိုမှာ ကျင်းမယ့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲနဲ့  ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ရုရှားအားကစားလောကရဲ့ တားမြစ်ဆေးအရှုပ်တော်ပုံကြောင့် Wada ကအခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပြီး ဒီအရှုပ်တော်ပုံမှာ ပါဝင်မပတ်သက်ဘူးလို့ သက်သေပြနိုင်တဲ့ ရုရှား အားကစားသမားတွေ ကတော့ nautral flag အောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ရုရှားကို ပြစ်ဒဏ်ချမှတ်ဖို့အတွက် Wada အမှုဆောင်ကော်မတီက ဆွစ်ဇာလန်နိုင်ငံ လက်ဆာနီမြို့မှာ တနင်္လာနေ့မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲအပြီးမှာ ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ဟာ ရုရှား တားမြစ်ဆေးတိုက်ဖြတ်ရေး အေဂျင်စီ (Rusada) က ၂၀၁၉ ဇန်နဝါရီလမှာ စစ်ဆေးရေးမှူးတွေဆီကို လွှဲပြောင်းပေးခဲ့တဲ့ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေမှာ ကြိုးကိုင်ခြယ်လှယ်မှုရှိခဲ့တယ်လို့ ကြေညာခံရပြီးနောက် ပေါ်ပေါက်လာတာပါ။ ရုရှားနိုင်ငံဟာ နာမည်ကျော် တားမြစ်ဆေးအရှုပ်တော်ပုံကြောင့်  ကမ္ဘာ့အားကစားလော ကကနေ သုံးနှစ်ပိတ်ပင်ခံခဲ့ရဖူးပါတယ်။ Wadaဟာပြစ်ဒဏ်အတွက် အယူခံဝင်ဖို့ ရုရှားကို  ၂၁ ရက်အချိန်ပေးထားပြီး ရုရှားဘက်ကသာ အယူခံဝင်မယ် ဆိုရင် ဒီကိစ္စဟာ နိုင်ငံတကာ အားကစားသမာဓိခုံရုံး (Cas) ကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်။ Wada ရဲ့ ဒုဥက္ကဋ္ဌ  လင်ဒါ ဟယ်လီလန်းကတော့ “ဒီပြစ်ဒဏ်ဟာ ရုရှားတားမြစ်ဆေး အရှုပ်တော်ပုံကို ခိုင်ခိုင်မာမာ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတဲ့  အေဂျင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြသနေတယ်” လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ ဒီပြစ်ဒဏ်ဟာ လုံလောက်မှုမရှိဘူးလို့လည်း ပြောပါတယ်။   ရုရှားနိုင်ငံဟာ တားမြစ်ဆေး အရှုပ်တော်ပုံကြောင့် ၂၀၁၄ ခုနှစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာလည်း ရုရှားအားကစားသမား ၁၆၈ ဦးဟာ  nautral flag အောက်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပါတယ်။  Wada က အခုလို တားမြစ်ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် ရုရှားနိုင်ငံဟာ သူတို့အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်မယ့် ၂၀၂၀ ယူရိုဖလားပြိုင်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
3 years Ago
Up