ပြင်သစ် ပင့်ကူလူသား အလန်ဟူးဘတ်ဟာ လန်ဒန်မြို့ရှိ မီတာ ၂၃၀ မြင့်တဲ့ ဟီရွန်တာဝါကို ကြိုးမပါဘဲ တက်ရောက်ခဲ့ပြီးနောက် အများပြည်သူ စိတ်နှောင့်အယှက်ဖြစ်စေမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့က အလန်ဟူးဘတ်ဆိုတဲ့ ပြင်သစ် ပင့်ကူလူသားဟာ လန်ဒန်မြို့ရဲ့ အမြင့်ဆုံး အဆောက်အဦတွေထဲကတခုဖြစ်တဲ့ ဟီရွန်တာဝါပေါ် တွယ်တက်ခဲ့တာပါ။
အဆိုပါ ဟီရွန်တာဝါဟာ အမြင့် မီတာ ၂၃၀ ရှိပြီး အသက် ၅၆ နှစ်အရွယ် ဟူးဘတ်ဟာ အဲဒီပေါ်တက်ရောက်ဖို့ အချိန် ၁ နာရီလောက် ပေးခဲ့ရပါတယ်။
“မလွယ်ဘူး။ ကျနော်က အဲဒီအအောက်အဦမှာ အလုပ်လုပ်တာလေ။ ဒါနဲ့ ရဲတွေ ဘာလုပ်နေလဲဆိုပြီး ပြတင်းပေါက်ကနေ ထွက်ကြည့်တော့ တကယ်စဉ်းစားရခက်သွားတယ်။ အပြင် ပြေးထွက်ကြည့်တော့ အလန်ဟူးဘတ် တက်နေတာကို မြင်တာပဲ။ မလွယ်ဘူးဗျ။ ဒါပေမယ့် ကျနော် အဲဒါမျိုး စွန့်စားကြည့်ချင်တယ်။” လို့ ၀န်ထမ်းခန့်အပ်ရေး အကြံပေး ဒါရင် မတ်သရူးက ပြောပါတယ်။
အလန်ဟူးဘတ်ဟာ သူဝါသနာပါရာ အမြင့်တက်တာကို အသက် ၁၁ နှစ်အရွယ်က စတင်ပြုလုပ်ခဲ့တာပါ။ ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး ဘုခါလီဖာတာဝါအပါအ၀င် ကမ္ဘာတ၀ှမ်းမှာရှိတဲ့ မိုးမျှော်တိုက် ၁၅၀ ကျော်ကို တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။
“လူတွေရပ်ပြီး ဟိုအပေါ်ကို ကြည့်နေတာကို တွေ့တယ်။ ကျမက ဘာဖြစ်နေမှန်း မသိဘူး။ တယောက်ကပြောတယ်။ လူတယောက် ဘာအကူအညီမှ မပါဘဲ တိုက်ပေါ် တွယ်တက်နေတယ်တဲ့။ ဒီလိုမြင်ကွင်းမျိုး တွေ့ရတာကိုက တကယ်ကို ဆန်းတယ်။ အဲဒီလူ တကယ် သတ္တိရှိတယ်။ မိုက်ရူးရဲ ဆန်တယ်ပြောရင် ပိုမှန်လိမ့်မယ်” လို့လည်း အမည်မဖော်လိုသူ ကြည့်ရှုသူ တဦးက ပြောပါတယ်။
ပင့်ကူလူသား အလန်ဟူးဘတ်ဟာ အခုလို ခွင့်ပြုချက်မဲ့ အထပ်မြင့် အဆောက်ဦတွေပေါ် တက်ရောက်တာကြောင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရပါတယ်။ အခုတကြိမ်မှာလည်း ရဲတပ်ဖွဲ့က သူတိုက်ပေါ် ရောက်တဲ့အထိ စောင့်ဆိုင်းခဲ့ပြီး ပြန်အဆင်းမှာတော့ အများပြည်သူ စိတ်နှောင့်အယှက်ဖြစ်စေမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
2 years Ago