ပင်လယ်ပြင်ဖြတ် သရုပ်ပြတင်ဆက်ချိန် တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး

September 25, 2017

ပင်လယ်ပြင်ဖြတ် သရုပ်ပြတင်ဆက်ချိန် တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး (ရုပ်သံ)

အီတလီနိုင်ငံမှာ တိုက်လေယာဉ်တစင်းဟာ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး သရုပ်ပြ တင်ဆက်နေချိန် ပျက်ကျခဲ့တဲ့အတွက် လေယာဉ်မှူး သေဆုံးသွားခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ အီတလီလေတပ် အဲဖို့စ်အက်ဖ်-၂၀၀၀ အေ တိုင်ဖွန်းအမျိုးအစား တိုက်လေယာဉ်ဟာ ကြည့်ရှုနေကြတဲ့ ပရိသတ်တွေရှေ့တင် ရေပြင်ဆီ ဒိုက်ဗင်ထိုး ကျသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အီတလီနိုင်ငံတောင်ပိုင်း ကမ်းခြေမြို့တမြို့ဖြစ်တဲ့ တယ်ရေစီနားမြို့မှာ ဒီကနေ့ မနက်အစောပိုင်းက ဖြစ်ခဲ့တာပါ။ တိုက်လေယာဉ်ဟာ ပင်လယ်ပြင်ပေါ် ပတ်လမ်းအတိုင်း စတန့်ထွင် စွမ်းရည်ပြသနေချိန် အားကုန်သွားခဲ့တာဖြစ်မယ်လို့ သတင်းအစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။ လေယာဉ်ပေါ်ပါ အသက် ၃၆ နှစ်အရွယ် တိုက်လေယာဉ်မှူး ဂါဘရီရယ်လ် အော်လန်ဒီကတော့ မလွတ်မြောက်နိုင်ဘဲ သေဆုံးသွားခဲ့ကာ ဇနီးဖြစ်သူနဲ့ မိဘတွေဟာ ပရိသတ်တွေထဲမှာ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ လေယာဉ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး လေယာဉ်မှူးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကိုယ်စား ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ အီတလီ လေတပ်ကာကွယ်ရေးဝန်ကြီး ရိုဘာတာ ပင်နော့တ်တီက ပြောပါတယ်။ ဒီပွဲကို ထောင်နဲ့ချီတဲ့ ပရိသတ်တွေ တက်ရောက်ခဲ့ကြပြီး ပရိသတ်တဦးကတော့ “ဒါဟာ တကယ့်ကို ဆိုးဝါးလွန်းပါတယ်။ လေယာဉ်ဟာ ရေပြင်ပေါ်ကို ရှပ်ပြေးထိရုံထိပြီး ပတ်လမ်းအတိုင်း ပြန်တက်နိုင်ခဲ့ရမယ့်အစား ပင်လယ်ထဲ ထိုးကျသွားခဲ့ပါတယ်” လို့ ပြောပါတယ်။
4 years Ago
Up