ပင်လယ်ရေ အအေးလွန်ကဲ၍ ကယ်ခဲ့ရသည့် ပင်လယ်လိပ်အစိမ်းများကို ပြန်လွှတ်

January 18, 2016

ပင်လယ်ရေ အအေးလွန်ကဲ၍ ကယ်ခဲ့ရသည့် ပင်လယ်လိပ်အစိမ်းများကို ပြန်လွှတ် (ရုပ်သံ)

ပြီးခဲ့တဲ့တပတ်က အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားကမ်းလွန် ပင်လယ်ပြင်မှာ အအေးလွန်ကဲပြီး အအေးဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ပင်လယ်လိပ်တွေကို ပြည်နယ်အာဏာပိုင်တွေက ပင်လယ်ထဲ ပြန်လွှတ်ပေးလိုက်ကြပါတယ်။ ပင်လယ်ရေ အအေးလွန်ကဲတဲ့ဒဏ် ခံစားရပြီး ကမ်းတင်ပြီး ရေပေါ်မျောနေခဲ့တဲ့ ပင်လယ်လိပ်စိမ်း အကောင်ရေ ၁၃၀ ကျော်ကို မြောက်ကယ်ရိုလိုင်းနား သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့က ၁ ပတ်ကြာ ကယ်ဆယ်စောင့်ရှောက်ပေးခဲ့ကြတာပါ။ ကမ်းခြေကနေ ပင်လယ်ထဲ ၁၅ မိုင်၊ မိုင် ၂၀ အထိ သွားရောက်ပြီး ပင်လယ်ရေနွေးစီးကြောင်းထဲ ဒီလိပ်တွေကို ပြန်လွှတ်ပေးခဲ့ကြတာမှာ တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ကို အမေရိကန်ကမ်းခြေစောင့် သင်္ဘောတစီးက ကူညီပေးခဲ့ကြပြီး သူတို့ရဲ့ မိသားစုဝင်တွေလည်း လိုက်ပါကြပြီး ပင်လယ်လိပ်တွေကို ပင်လယ်ထဲ လွှတ်ပေးခဲ့ကြတာပါ။ ပင်လယ်လိပ်တွေဟာလည်း တခြား တွားသွားသတ္တ၀ါတွေလိုပဲ ပတ်ဝန်းကျင် အပူချိန်နဲ့အညီ အသက်ရှင်ကျက်စားကြတာဖြစ်ပြီး ပင်လယ်ရေ ၅၀ ဒီဂရီဖာရင်ဟိုက်ထက် ကျသွားရင် ခံနိုင်ရည် အားနည်းလာပြီး ထိခိုက်သေဆုံးတယ်လို့ ဆိုပါတယ်။
6 years Ago
Up