မက္ကဆီကိုရဲ့ လှပတဲ့ လက်စ်ကိုဘီယာ ကမ်းခြေကို နှစ်စဉ်ဆိုသလို ရာနဲ့ချီတဲ့ ပင်လယ်လိပ်ကြီးတွေ လာရောက်ပြီး ဥဥကြပါတယ်။
လက်စ်ကိုဘီယာကမ်းခြေဟာ ပစိဖိတ်ကမ်းရိုးတန်း တလျှောက် ၁၅ ကီလိုမီတာ ရှည်လျားတဲ့ ထိန်းသိမ်းစောင့်ရှောက်ခံ ကမ်းခြေ တစိတ်တဒေသ ဖြစ်ပါတယ်။
အဲဒီ စောင့်ရှောက်ခံ ကမ်းခြေ ၁၂ ခုမှာ ပင်လယ်လိပ်ကြီးတွေ လာရောက် ဥဥကြတယ်လို့ သဘာဝ ထိန်းသိမ်းစောင့်ရှောက်ခံနယ်မြေ အမျိုသားကော်မရှင်က ပြောပါတယ်။
“ပင်လယ်လိပ်တွေမှာ ငါးမျှားချိတ်တွေ၊ ငါးဖမ်းကြိုးတွေ ငြိငြိပြီး ပါလာနေတာကို ပိုပိုပြီး တွေ့လာရပါတယ်။ တချို့ဆိုရင် ပလက်စတစ် အိတ်တွေက သူတို့နောက်မှာ တရွတ်ဆွဲ ပါလာတတ်တယ်။ အဲဒါဆိုရင် ဆိုးရွားတဲ့ အခြေအနေတွေမှာ ပင်လယ်လိပ်တွေဟာ လှုပ်ရှားသွားလာရခက်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။” လို့ မက္ကဆီကန် ဇီဝဗေဒပညာရှင် အယ်ရီကာပယ်ရာတာက ပြောပါတယ်။
“ဟုတ်ပါတယ်။ အဲဒီပင်လယ်လိပ်မလေးဟာ ပိုက်ကွန်တန်းလန်းနဲ့ သူရဲ့ ရေယက်မှာ ပိုက်ကွန် ငြိနေတာပါ။ အဲဒီတော့ သူသွားလာတဲ့အခါ နှေးပြီး သူဟာ ကမ်းခြေကို ပင်ပင်ပန်းပန်းနဲ့ ရောက်လာခဲ့တာပါ” လို့လည်း ဒေသခံတဦးဖြစ်သူ ဆာရိုင်းဟီးလယ်ရယ်ရာက ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း ပင်လယ်လိပ်ကောင်ရေ တသိန်းခွဲကနေ နှစ်သိန်းကြား အဲဒီကမ်းခြေတွေမှာ လိပ်ဥပေါင်း ၁၅ သန်းဝန်းကျင် ဥဥတယ်လို့သိပါတယ်။
ဒါပေမယ့် အဲဒီလိပ်ဥတွေဟာ ထိခိုက်ပျက်စီးလွယ်တာကြောင့် သူတို့ထဲက မဖြစ်စလောက် အရေအတွက်သာ အကောင်ပေါက်ပြီး ပင်လယ်ထဲ ဆင်းသွားနိုင်ပါတယ်။
ဒီအတွက် ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီး အဲဒီ စောင့်ရှောက်မှုတွေထဲမှာ လိပ်စွပ်ပြုတ်နဲ့ လိပ်သားရဖို့ အစဉ်အလာအရ ဖမ်းဆီးကြတဲ့ တံငါသည်တွေကို ပညာပေးတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
4 years Ago