ပင်လယ်ဓားပြ

A d v e r t i s e m e n t With Us

July 17, 2019

တူရကီသင်္ဘောသား ၁၀ ဦးကို ပင်လယ်ဓားပြများက နိုင်ဂျီးရီးယား ကမ်းလွန်ပင်လယ်တွင် ဖမ်းဆီး

တူရကီသင်္ဘောသား ၁၀ ယောက်ကို လက်နက်ကိုင် ပင်လယ်ဓားပြတွေက နိုင်ဂျီးရီးယားနိုင်ငံ ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ပြင်မှာ ဇူလိုင် ၁၆ ရက်က ဖမ်းဆီးသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထောက်လှမ်းရေးဌာန ပူးပေါင်းပြီး နီးနီးကပ်ကပ် ကိုင်တွယ် လုပ်ဆောင်နေတယ်လို့ မြို့တော် အန်ကာရာမှာ သတင်းထောက်တွေကို လက်ရှိအာဏာရ AK ပါတီရဲ့ ပြောခွင့်ရ အိုမာစေလစ်က ပြောပေမယ့် အသေးစိတ်တွေကိုတော့ ပြောဖို့ ငြင်းပါတယ်။ သင်္ဘောသား ၁၀ ယောက်ကို လက်နက်ကိုင်တွေက အင်္ဂါနေ့အစောပိုင်းမှာ ဖမ်းခေါ်သွားတယ်၊ သင်္ဘောသား ၈ ယောက်က သင်္ဘောပေါ်မှာ ဘေးကင်းကင်း ကျန်ခဲ့တယ်လို့ သင်္ဘောကုမ္ပဏီ ကာဒီယိုဂလူ ဒန်နစ်ဇ်စီလစ်ခ်က ပြောပါတယ်။ တူရကီအလံ လွှင့်ထူထားတဲ့ ပတ်ခ်စွိုင်ဝမ်း ကုန်သင်္ဘောဟာ ကုန်စည်မပါဘဲ ကင်မရွန်းနိုင်ငံကနေ အိုင်ဗရီကို့စ်နိုင်ငံဆီ ခုတ်မောင်းလာချိန် ဂီနီပင်လယ်ကွေ့ထဲမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ကာဒီယိုဂလူက ပြောပါတယ်။ နိုင်ဂျီးရီးယားကမ်းလွန်နဲ့ ဂီနီပင်လယ်ကွေ့ထဲမှာ ပြန်ရွေးငွေရဖို့ ပြန်ပေးဆွဲ ဓားပြတိုက်တာက ဖြစ်နေကျပါ။ ဂီနီပင်လယ်ကွေ့ဟာ ပင်လယ်ဓားပြမှုအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး နေရာအဖြစ် နိုင်ငံတကာ ပင်လယ်ရေကြောင်းဗျူရိုက အရင်အပတ်က သတ်မှတ်ခဲ့ပါတယ်။ ပင်လယ်တွင်း ပြန်ပေးဆွဲမှု ၇၃ ရာခိုင်နှုန်းနဲ့ ဓားစာခံဖမ်းမှု ၉၂ ရာခိုင်နှုန်းဟာ ဂီနီပင်လယ်ကွေ့ထဲမှာ ဖြစ်ခဲ့တယ်လို့လည်း သူတို့က ပြောထားပါတယ်။
2 years Ago
Up