ဖိလစ်ပိုင်နိုင်ငံ၊ ဆာရီဂါအိုဒယ်လ်ဆာခရိုင်တွင်း ပင်လယ်ထဲမှာ ရွက်သင်္ဘောတစင်းနဲ့ မျောပါလာတဲ့ သင်္ဘောကပ္ပတိန်တဦးရဲ့ ရုပ်အလောင်းကို ဆေးစိမ်မံမီရုပ်ကဲ့သို့ တွေ့ခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် အိပ်စ်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
သင်္ဘောပေါ်မှာ ထိုင်လျက်အနေအထားနဲ့ သေဆုံးနေတာကို ဖိလစ်ပိုင်ငါးဖမ်းသမား ၂ ဦးက ကမ်းခြေမှ မိုင် ၅၀ အကွာ ပင်လယ်ပြင်တွင်းမှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ခုချိန်မှာတော့ သေဆုံးသူဟာ မန်းဖရက်ဒ် ဖရစ်ဇ်ဘာဂျိုရတ် အမည်ရတဲ့ ဂျာမန်နိုင်ငံသား စွန့်စားခရီးသွားတဦး ဖြစ်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ကြောင်း ဆိုပါတယ်။
ခြောက်သွေ့တဲ့ ပင်လယ်တွင်း ရာသီဥတု၊ အခန်းတွင်းအပူချိန်နဲ့ ဆားငွေ့ပါတဲ့ ပင်လယ်လေတွေက သူ့ကို မံမီဆေးစိမ်ရုပ်အလောင်းကဲ့သို့ ဖြစ်လာစေဖို့ ဖန်တီးခဲ့တာ ဖြစ်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူဟာ ဘယ်အချိန်မှာ သေဆုံးခဲ့တယ်ဆိုတာကို တိတိကျကျ မပြောနိုင်သေဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တည်းက အဲဒီနေရာမှာ သူ့ကို တွေ့ရှိခဲ့တဲ့ မှတ်တမ်းမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
သင်္ဘောအလုပ်စားပွဲအနီးမှာ ထိုင်လျက်အနေအထားနဲ့ သေဆုံးနေပြီး အနီးမှာတွေ့ရတဲ့ စာရွက်စာတမ်းတွေအရ သူဟာ မန်းဖရက်ဒ်ဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့တာပါ။
သူ့ရဲ့အနီးမှာ ဓာတ်ပုံအယ်လ်ဘမ်တွေ၊ အ၀တ်အစားတွေ၊ အစားအစာသံဘူးတွေ ပြန့်ကြဲနေတာကို ငါးဖမ်းသမားတွေက တွေ့ရှိခဲ့ကြပြီး ဘာကြောင့်သေဆုံးရတယ် ဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
ရဲတွေဟာ သူ့အကြောင်းပြောပြနိုင်တဲ့ မိသားစုတွေရဲ့ ကွင်းဆက်တွေကို သိချင်နေကြပြီး သူ့ကိုသိတဲ့ ဒိုင်တာအမည်ရတဲ့ သင်္ဘောသားတဦးက “သူဟာ အတွေ့အကြုံရှိတဲ့ သင်္ဘောကပ္ပတိန်တယောက်ပါ။ ဒီလိုမုန်တိုင်းထဲ ဘာကြောင့်ထွက်ရသလဲဆိုတာ ကျနော် မယုံနိုင်ဘူး။ ရွက်တိုင်ဟာ မန်းဖရက်ဒ်သေဆုံးပြီးနောက်မှာ ကျိုးကျခဲ့တာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ဂျာမန်သံရုံးကလည်း မန်းဖရက်ဒ်ရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ ကြိုးစားနေပြီး ရဲတွေက ဆက်လက်စုံစမ်းနေကြဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဂျာမနီနိုင်ငံ၊ ကိုလွန်ဂ်မြို့မှ ရောဂါနဲ့ မှုခင်းဗေဒဆိုင်ရာ ဆရာဝန် ဒေါက်တာ မာ့ခ် ဘန်းနက်ခ်က “ခုလို သူထိုင်နေရက်နဲ့ သေဆုံးသွားခဲ့တယ်ဆိုတာ မျှော်လင့်မထားတဲ့ သေဆုံးမှုမျိုးပဲ။ နှလုံးရောဂါနဲ့ သေဆုံးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။
5 years Ago