ပင်လယ်တင်ကျီးငှက်

February 5, 2018

ကမ္ဘာ့အထီးအကျန်ဆုံး ပင်လယ်တင်ကျီးငှက်ကလေး သေဆုံး (ရုပ်သံ)

ကမ္ဘာ့အထီးအကျန်ဆုံး ငှက်ကလေးအဖြစ် တင်စားခေါ်ဝေါ်ရမယ့် နယူးဇီလန်နိုင်ငံမှ ပင်လယ် တင်ကျီးငှက်ကလေး သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ဖော်ပြပါတယ်။ သူသေဆုံးရတဲ့အဖြစ်ဟာ တခြား သမားရိုးကျအဖြစ်အပျက်တခုလို မဟုတ်ဘဲ အတုအယောင် ကမ္ဘာတခုထဲမှာ နေထိုင်သွားခဲ့ရတဲ့ အဖြစ်ဟာ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ နီဂဲလ်လို့ အမည်ပေးထားတဲ့ သူ့ရဲ့နာမည်ဟာ အဖော်အပေါင်းမရှိတဲ့ အထီးကျန်မှုလို့ အဓိပ္ပာယ်ရပြီး သူဟာ ခါပတီကမ်းရိုးတန်းက မာနာကျွန်းအငူမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကျွန်းကလေးအစွန်းမှာတော့ သူနဲ့မျိုးတူ ကွန်ကရစ်ငှက်ရုပ်တုတွေ ရှိနေပြီး ဒီငှက်တွေကို သက်မဲ့တွေမှန်းမသိဘဲ နေထိုင်သွားခဲ့ရတာကတော့ တကယ့်ကို သနားစရာ အဖြစ်အပျက်တခုပါပဲ။ သူဟာ အချိန် ၃ နှစ်ကြာလောက် အဲဒီငှက်အုပ်စုတွေထဲက ကြင်ဖော်ကိုရှာဖို့ ကြိုးစားခဲ့ပြီးနောက်မှာ ခုလို သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီငှက်ရုပ်တွေကို ထားရှိရတဲ့ အကြောင်းရင်းကတော့ သုတေသနလုပ်ငန်းတွေအတွက် ပင်လယ်တင်ကျီးငှက်တွေကို အဲဒီနေရာဆီ မျှားခေါ်ဖို့ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတော့ နီဂဲလ်ဟာ အဲဒီအငူဆီ ရောက်ရှိလာခဲ့ပြီး အခြေချနေထိုင်ခဲ့တာကို သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြရတာပါ။ သူဟာ အဲဒီမှာရှိနေတဲ့ ငှက်ရုပ်တွေကို အစစ်အမှန်လို့ ထင်နေခဲ့ပုံရကာ အဲဒီကျွန်းမှာ နှစ်ကာလရှည်ကြာ နေထိုင်ခဲ့တာဟာ အံ့သြစရာ ဖြစ်နေခဲ့တာပါ။ ကောင်ရေ ၈၀ ကျော်လောက်ရှိမယ့် ငှက်ရုပ်တုတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်ကတည်းက ဒီနေရာမှာ ထားရှိခဲ့ကြတာဖြစ်ပြီး အဲဒီနေရာကို နီဂဲလ် ရောက်ရှိလာပြီးနောက်မှာတော့ သူ့ကို စောင့်ကြည့်ခဲ့ကြရတာပါ။ နီဂဲလ်ဟာ နောက်ပိုင်းမှာတော့ သူသဘောကျတဲ့ ငှက်အမတကောင်ရဲ့ အနားမှာ ကပ်နေခဲ့တာဖြစ်ပြီး အတူနေဖို့ အသိုက်ကိုတောင် ဆောက်ထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူသေဆုံးခဲ့ရတဲ့အပေါ် အားလုံးက ဝမ်းနည်း စိတ်မကောင်းဖြစ်နေကြပြီး လူပြောများနေခဲ့တာ ဖြစ်ပါတယ်။ နီဂဲလ်ရဲ့ ရုပ်ကြွင်းကိုတော့ နယူးဇီလန်မြို့တော်၊ ဝယ်လင်တန်မြို့၊ မက်ဆေးတက္ကသိုလ်ဆီ ပို့ဆောင်ပြီး ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို သုတေသနပြုလုပ်သွားမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up