ပင်နယ်တီလွဲချော်မှု

February 17, 2019

မက်ဆီ ပင်နယ်တီလွဲချော်ခဲ့သည့်အပေါ် လုံးဝမစိုးရိမ်ဟု နည်းပြ ပြော

အသင်းရဲ့ အဓိကကစားသမား လီယွန်နယ်မက်ဆီ ပင်နယ်တီလွဲခဲ့ပေမယ့် ဒီကိစ္စအပေါ် လုံးဝမစိုးရိမ်ဘူးလို့ ဘာစီလိုနာအသင်းရဲ့ နည်းပြချုပ် အာနက်စ်တို ဗဲလ်ဗာဒီက ပြောကြောင်း fourfourtwo သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိလာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်က ရီးရဲလ်ဗယ်လာဒိုးလစ် အသင်းနဲ့ အိမ်ကွင်းနျူးကမ့်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ အသင်းခေါင်းဆောင် မက်ဆီက ပင်နယ်တီကနေတဆင့် ၄၃ မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့တာဖြစ်ပေမယ့် အာဂျင်တီးနားသားဟာ ၈၅ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကိုတော့ ဝင်အောင်ကန်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ဗယ်လာဒိုးလစ်ဂိုးသမားက ကာကွယ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်လို့ မက်ဆီ ပင်နယ်တီကန်တဲ့အပေါ် သံသယဖြစ်မိလားလို့ သတင်းထောက်တွေရဲ့ အမေးကို ဗဲလ်ဗာဒီက “မရှိပါဘူး၊ ကျနော် ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမဖြစ်ပါဘူး။ ကျနော်ကတော့ သူကန်သွင်းရင် ဝင်သွားမယ်လို့ထင်ခဲ့မိပါတယ်” လို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ “လီယိုက တကယ်ကောင်းတဲ့ ကစားသမားတယောက်ပါ။ သူဒီထက်ပိုပြီး ဂိုးတွေ သွင်းလာနိုင်မှာပါ” လို့လည်း သူက ဆိုပါတယ်။ ရရှိလာတဲ့ ပင်နယ်တီ၂ လုံးမှာ ၁ လုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး အသင်းအတွက် အနိုင်ရလဒ်ကို ဆောင်ကျဉ်းနိုင်ခဲ့ပေမယ့် အနိုင်သေချာစေမယ့် နောက်ထပ် ပင်နယ်တီတလုံးကို လွဲချော်ခဲ့တာကြောင့် ဒီပွဲဟာ Ballon d’Or ငါးဆုရှင် မက်ဆီအတွက်တော့ ခံစားချက်တွေ ရောထွေးစေမယ့် ပွဲဖြစ်စေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဘာစီလိုနာအသင်းဟာ လာလီဂါမှာ ဗလင်စီယာ၊ ဘီလ်ဘာအိုအသင်း၊ ကိုပါဒယ်ရေး ဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းတို့နဲ့ သုံးပွဲဆက်တိုက်သရေကျခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ အခြေအနေကို အားလုံးက စိုးရိမ်ခဲ့ကြပေမယ့် ဒီပွဲအနိုင်ရလဒ်ကြောင့် ဖိအားအချို့ကို လျော့ချနိုင်ခဲ့ပါတယ်။ ဒီအနိုင်ရလဒ်ဟာ အသင်းအတွက်ခွန်အားတခုကို ဖြစ်စေတယ်လို့လည်း ဘာစီလို နာနည်းပြက ပြောပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် လိုင်ယွန်အသင်းကို ပြင်သစ်မြေမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
3 years Ago
Up