ပခုက္ကူ-ချောင်းဦးလမ်း

September 29, 2021

ပခုက္ကူ-ချောင်းဦးလမ်းမပေါ်ရှိ ပြည်သူလူထုနေအိမ်အချို့ကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပခုက္ကူ-ချောင်းဦး ကားလမ်းမကြီးပေါ်မှာရှိတဲ့ ကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေကို  စစ်ကောင်စီ တပ်သားတွေက စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန်းကျည်းဘုတ်ရွာက နေအိမ် နှစ်လုံးနဲ့ မန်းကျည်းခွရွာက နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း  ဒေသခံတွေက ပြောပါတယ်။

"နေ့လယ် ၂ နာရီလောက်က လာရှို့သွားတာ။ အကုန်လောင်သွားတယ်။ ရှိစုမဲ့စု စုထားတာလေးတွေ မီးရှို့ခံလိုက်ရပြီ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မီးရှို့အပြီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကားနဲ့ထပ်ရောက်လာပြီး မီးရှို့ခံရတဲ့ ရွာအနီးက တောအုပ်အတွင်းကိုလည်း လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကိုင်းတိုင်း PDF ၆ ဖွဲ့ ပူးပေါင်းပြီး လက်တွဲညီညီတိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြောင်း  စစ်ကိုင်းတိုင်းPDFက စက်တင်ဘာ ၂၈ နေ့‌စွဲနဲ့ ကြေညာထားပါတယ်။

ချောင်းဦးမြို့နယ်မှာ စက်တင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့  ကား နှစ်စီးကို ချောင်းဦး PDF နဲ့ မုံရွာသံမဏိ အဖွဲ့ပူးပေါင်းပြီး မိုင်းဆွဲခဲ့တဲ့အတွက်  စစ်သား ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ပါတယ်။

4 weeks Ago
Up