ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် မန်နီပက်ကွီအို (Manny Pacquiao) က လိင်တူချစ်သူတွေဟာ တိရစ္ဆာန်တွေထက် ဆိုးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် နိုက်ကီ (Nike) အားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီက ပက်ကွီအိုနဲ့ လုပ်ထားတဲ့ စီးပွားရေးလုပ်ငန်း အားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ် ပက်ကွီအိုက သူ့ရဲ့ ပြောဆိုခဲ့မှုအပေါ် ပြန်တောင်းပန်ခဲ့ပြီး လိင်တူချစ်သူတွေကို ဆန့်ကျင်ပြောဆိုတာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
နိုက်ကီကုမ္ပဏီဟာ လူအချင်းချင်း ဘယ်လိုဖိနှိပ်ဆက်ဆံ ပြောဆိုမှုမျိုးကိုမဆို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပြီး လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို ထောက်ခံအားပေး လာတာလည်း ကြာပြီလို့ နိုက်ကီကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပါတယ်။
ပက်ကွီအိုဟာ လာမယ့်မေလ ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ အထက်လွှတ်တော်အမတ် နေရာအတွက် ၀င်ပြိုင်ဖို့ ရှိပါတယ်။
အဲဒီ ရွေးကောက်ပွဲဆိုင်ရာ ရုပ်သံမေးမြန်းခန်းတခုမှာ ခရစ်ယာန် သမ္မာကျမ်းစာပါ အမှန်တရားကို ပြောဆိုတာပါလို့ ပြောပါတယ်။
ပက်ကွီအိုဟာ ပြီးခဲ့တဲ့နှစ် မေလက မေ၀ယ်သာနဲ့ ထိုးသတ်တဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး လာမယ့် ဧပြီလမှာ အမေရိကန်လက်ဝှေ့ကျော် တီမိုသီ ဘရက်ဒလေနဲ့ ထိုးသတ်ဖို့ ရှိပါတယ်။
5 years Ago