ပကာသနမဖက်သည့် လက်ထပ်ပွဲ (ရုပ်သံ)

April 20, 2018

နှုတ်ခမ်းတွဲဝေဒနာရှင်နှင့် မိန်းမချောလေးတို့၏ ပကာသနမဖက်သည့် လက်ထပ်ပွဲ (ရုပ်သံ)

ခုရက်ပိုင်းအတွင်း ထိုင်းလူမှုကွန်ရက်မှာ မွေးရာပါနှုတ်ခမ်းတွဲပြီး မျက်နှာအောက်ခြမ်း အမှတ်မည်းပြည့်နေတဲ့ အမျိုးသားတဦးနဲ့ မိန်းမချောလေးတဦးတို့ရဲ့  ပကာသနမဖက်တဲ့ လက်ထပ်မင်္ဂလာပွဲအကြောင်း ရေပန်းစားနေပါတယ်။ အဲဒီစုံတွဲကတော့ အသက် ၃၇ နှစ်ရွယ်ရှိ ခွန်မီနိ(ခေါ်) နိုင်းဘွန်းမီးခန်ထောင်း နဲ့ အသက် ၂၃ နှစ်ရွယ်ရှိ နန်းဆောင်ဖတ့်ဆရား အုပ်နတ်တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ လက်ထပ်မင်္ဂလာပွဲကို ထိုင်းတောင်ပိုင်း ဆူရင်းခရိုင် ဆီနလုန်းမြို့နယ် နရုန်းရပ်ကွက်နေအိမ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့တာပါ ။ မင်္ဂလာပွဲကို သွားရောက်ခဲ့တဲ့ တဦးက “ဂုဏ်ယူပါတယ် အကိုမီနိ။ ဒီနေ့ဟာ ကျနော်အပါအ၀င် ရွာထဲကကာလသားလူပျိုတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်တဲ့ နေ့ပဲဖြစ်ပါတယ်။ သတို့သားမှာ မက်လောက်စရာ ဘာမှမရှိ။ သတို့သမီးတင်တောင်း စရိတ်လည်းမရှိဘူး။ ပကာသနမဖက်ရိုးရှင်းတဲ့ လက်ထပ်ပွဲဟာ လက်ဖွဲ့ချည်မျှင်စွပ်ရုံနဲ့ အတူနေနိုင်ပြီ” လို့ အဓိပ္ပာယ်ရတဲ့ စာသားနဲ့ သတို့သားရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ရေးသားရာက သူတို့အကြောင်းကို လူသိများလာပြီး သတင်းဌာနတွေမှာ သူ့ထက်ငါအပြိုင် ရေးသားဖော်ပြနေကြတာပါ။ ခေါဝ်ဆွတ်သတင်းဌာနဖော်ပြချက်မှာ သတို့သားဟာ အဆိုပါအမှတ်မည်းနဲ့ နှုတ်ခမ်းတွဲဝေဒနာကို မွေးကတည်းကခံစားရပြီး ဘန်ကောက် ဘုရင်မကြီးဆေးရုံမှာ ၃ ကြိမ်တိုင် သွားရောက်ကုသခဲ့ကြောင်း၊  သူနေတဲ့ နေရာနဲ့ ဘန်ကောက်ကို အကြိမ်ကြိမ်သွားရောက်ဆေး ကုရတာ အကုန်အကျများလို့ နောက်ဆုံးမတတ်နိုင်တော့ဘဲ ဒီအတိုင်းထားလိုက်တာလို့ ဆိုပါတယ်။ သူဟာ အတန်းပညာကို ၅ တန်းထိသာ သင်ကြားခဲ့ရပြီး လက်ရှိ အမဖြစ်သူရဲ့ သင်္ဘော သီးထောင်းဆိုင်မှာ တောက်တိုမယ်ရကူညီနေကြောင်း၊ တခြားနေရာမှာ အလုပ်သွားလျှောက်ပေ မယ့် စကားမပီလို့ ဆိုပြီး ဘယ်သူမှလက်မခံဘူးလို့ ဆိုပါတယ်။ သတို့သမီးကတော့ သူတို့အမဆိုင်မှာ လွန်ခဲ့တဲ့ ၇ လလောက်က အလုပ်လာလုပ်ပြီး သူနဲ့အတူ ၇ နှစ်ရွယ်သမီးလေးပါ ပါလာကြောင်း၊ ဆိုင်မှာ အလုပ်အတူလုပ်ရင်း၊ သူ့သမီးကိုလည်း ကူညီ ထိန်းကျောင်းပေးရင်းနဲ့ သံယောဇဉ်တွယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သတို့သမီးကို သတင်းထောက်က မေးမြန်းရာမှာ သူ့ရဲ့ခင်ပွန်းဟောင်းက လင့်ဝတ္တရား မကျေပွန်သူ၊ လောင်းကစားဝါသနာပါပြီး လက်ထဲငွေမကပ်၊ ကလေးကိုလည်းဂရုမစိုက်၊ တခါတရံ သူ့သမီးမဟုတ်ဘူး။ တခြားတယောက်နဲ့ ရလာတဲ့ကလေးလို့ပြောကြောင်း၊ သူမကိုလည်း အမြဲရိုက်နှက်လို့ မခံနိုင်တော့ဘဲ ခင်ပွန်းရဲ့ ဘွားအေထံခွင့်ပန်ကာ ကလေးလက်ဆွဲပြီး အိမ်ပေါ် ကဆင်းခဲ့ကြောင်း၊ ဒီသင်္ဘောသီးထောင်း ဆိုင်ရောက်စက ခွန်မီနိကို ချစ်ဖို့နေနေသာသာ သူ့မျက်နှာကိုမြင်ရုံနဲ့ ကြောက်ရွံ့မိကြာင်း၊ နောက်ပိုင်းမှာတော့ ခွန်မီနိက သူ့သမီးကို ကူညီ ထိန်းကျောင်းပေးတာ၊ သူ့အပေါ် အနွံတာခံတာ၊ သူ့အလုပ်တွေ ၀ိုင်းကူလုပ်ပေးတာကြောင့် ခင်မင်လာကြောင်း၊ တနေ့မှာ ခွန်မီနိက သူမကိုလိုချင်တဲ့အကြောင်း သူ့အမကိုအရင်ပြောရာ သူ့အမက သူမသိရင် စိတ်ဆိုးမှာစိုးလို့ သူ့ကို မိဘအိမ်ပြန်ခိုင်းလိုက်ရာ သူမစိတ်မှာ တခုခုလိုနေ သလို၊ လွမ်းသလိုလိုဖြစ်နေပြီး တယ်လီဖုန်းနဲ့ စကားအပြန်လှန်ပြောရာက ချစ်သူတွေဖြစ်သွား တာလို့ ဆိုပါတယ်။ လူတဦးရဲ့ အကျည်းတန် ပြင်ပပုံပန်းသဏ္ဌာန်ကို ထိုးဖောက်ပြီး စိတ်အလှမြင်နိုင်စွမ်းသူ သူမကို လူမှုကွန်ရက်မှာ အံ့သြချီးမွန်းနေကြပေမယ့် သူ့ရဲ့ခင်ပွန်းဟောင်းကတော့ သူနောက်ယောက်ျားယူကို သဘောမတူဘဲ လိုက်လံခြိမ်းခြောက်နေသလို သမီးကိုလည်း ပြန်ရဖို့ကြိုးစားနေကြောင်း၊ ကလေးကတော့ မိခင်နဲ့ ပထွေးကိုပဲချစ်ပြီး ဖခင်အရင်းထံ မသွားနိုင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒီသတင်းရေပန်းစားပြီး တကယ်လို့ ခွန်မီနိ မျက်နှာခွဲစိတ်ပြုပြင်ဖို့ အလှူရှင်ပေါ်လာရင် ခွဲမလားလို့ သတင်းထောက်ကမေးရာမှာ ခွန်မီနိက မွေးကတည်းက ပါလာတဲ့မျက်နှာကို သေတဲ့ထိ အတူသယ်ဆောင်သွားမှာဖြစ်ပြီး ဘာကုသမှုမှလုပ်တော့မှာမဟုတ်ဘူးလို့ ဖြေကြားသွားပါတယ်။
4 years Ago
Up