နှိမ်နင်

February 27, 2020

ဘာသာရေးစစ်ဝါဒီးများကို နှိမ်နင်းရန် မောရစ်ရှနိုင်ငံ သမ္မတ တိုက်တွန်း

ဆာဟဲဒေသတွင်း ဘာသာရေးစစ်ဝါဒီတွေကို နှိမ်နင်းဖို့ ပိုအလုပ်လုပ်ဖို့ လိုတယ်လို့ မောရစ်ရှနိုင်ငံသမ္မတ မိုဟမ်မဒ် ဂါဇွာနီက G5 ဆာဟဲ ခေါင်းဆောင်များ အစည်းအဝေးအတွင်း ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။  မာလီ၊ နိုက်ဂျာနဲ့ ဘာကီနာဖာဆိုနိုင်ငံတွေက ဘာသာရေးစစ်ဝါဒီတွေဟာ သူတို့အတွက် လက်နက်ရဖို့ အစိုးရစစ်စခန်းတွေကို ပိုပြီး စီးနင်းခဲ့ကြလို့ အရပ်သားတွေရော စစ်သားတွေပါ ဆက်ပြီး သေဆုံးနေပါတယ်။  ကျန်ခဲ့တဲ့ ၆လအတွင်း ရာနဲ့ချီတဲ့ လူတွေအသတ်ခံရပြီး ထောင်နဲ့ချီတဲ့ လူတွေဟာ ၃ နိုင်ငံကြား နယ်စပ်ဒေသတွေဆီ ထွက်ပြေးခဲ့ကြပါတယ်။ ဆာဟဲလ်ဒေသအတွင်း လုံခြုံရေးအခြေအနေ ပိုဆိုးလာနေတယ်လို့လည်း မောရစ်ရှ သမ္မတက ပြောပါတယ်။ စစ်တပ်ကို အားဖြည့်တာ၊ လူနေမှု အဆင့်တိုးမြှင့်တာနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးတာတွေဟာ ပြဿနာ ဖြေရှင်းချက် တစိတ်တပိုင်း ဖြစ်နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။  ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ အကုန်ခံပြီးပြီ ဖြစ်တဲ့ ဆာဟဲမဟာမိတ်တပ်ရဲ့ အားထုတ်မှုတွေကို ပြန်သုံးဖို့ ဒီအစည်းအဝေးက ရည်ရွယ် ထားတယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။  ဆာဟဲလ်ဒေသဟာ လူသားချင်းစာနာမှု အကြပ်အတည်းကို မကြုံစဖူး ရင်ဆိုင်နေရတယ် လို့ ဘာကီနာဖာဆို သမ္မတက ပြောပါတယ်။  ဖေဖော်ဝါရီ ၁၇ ရက်က ဘာကီနာဖာဆွန်းမြို့က ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်ခံရလို့ လူ ၂၄ ယောက်ထက် မနည်း သေဆုံးပါတယ်။  ဒေသတွင်း ပဋိပက္ခတွေကြောင့် ၂၀၁၉ မှာ အိုးအိမ်စွန့်ခွာရသူ ၁၀ ဆ ပိုများလာပြီး လူ ၅၆၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ နော်ဝေဒုက္ခသည် ကောင်စီက ပြောပါတယ်။
2 years Ago
Up