နှာခေါင်းစည်း Mask

August 25, 2020

ကျောင်းကုန်းမြို့တွင် နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ ကျော် အခမဲ့ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့ လူစည်ကားရာနေရာဖြစ်တဲ့ မြို့မဈေးကြီးအနီးမှာ သြဂုတ် ၂၃ ရက် မနက်ပိုင်းက နှာခေါင်းစည်း Mask အခုရေ ၂၀၀၀အခမဲ့ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများပြားလာပြီးနောက် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းဟာ နယ်နိမိတ်ခြင်းထိစပ်နေလို့ ဂိတ်တွေမှာ စစ်ဆေးတာတွေပြုလုပ်လာပြီး Mask စျေးတွေ မြင့်တက်လာခဲ့လို့  ပြည်သူတွေ အဆင်ပြေပြေ တပ်နိုင်ဖို့အတွက် ခုလို့ပေးဝေတာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ "တတ်နိုင်သမျှ နေအိမ်ပြင်ပမထွက်ဖို့၊ လူစုလူဝေးဖြစ်နိုင်မယ့်နေရာတွေ မသွားဖို့နဲ့ မဖြစ်မနေ အပြင်ထွက်ပါက Mask တပ်ဖို့၊ ပြင်ပမှ ပြန်လာပြီးတိုင်း လက်ကိုစက္ကန့် ၂၀ ကြာဆပ်ပြာနဲ့ ဆေးကြောဖို့၊ ပြည်သူတွေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း နှာခေါင်းစည်းဝေစဉ် ကြေညာပေးခဲ့ပါတယ်"လို့ ပြောပါတယ်။ အခုရက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြန်ဆန်လာပြီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် မိမိတို့နေအိမ်ပြင်ပထွက်ပါက Mask နှာခေါင်းစည်း တပ်ဆင်ပြီးမှသွားလာကြဖို့နဲ့ နှာခေါင်းစည်း မတပ်သူတွေကို ဒဏ်ရိုက်ပြီး သတိပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ နေအိမ်ပြင်ပ သွားလာရာမှာ နှာခေါင်းစည်းတွေ တပ်ဆင်သွားလာ နိုင်ရေးအတွက် မြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက နှာခေါင်းစည်းတွေ ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ Mask အခုရေ ၅၀ ပါ ၁ ဘူးကို အရင်က ကျပ် ၂၅၀၀၊ ၃၀၀၀ ထောင်သာ ရောင်းစျေးရှိခဲ့ရာက ရခိုင်ပြည်နယ်မှာရောဂါပိုးတွေ့ရှိသူများလာတဲ့ နောက်ပိုင်း အခု ၅၀ ပါ ၁ ဘူးကို ဒေသအလိုက် ကျပ် ၅၀၀၀ ကနေ ၇၀၀၀ အထိ ရောင်းချတာတွေရှိနေပြီး လက်ရှိချိန်မှာတော့ ပစ္စည်းတွေပြတ်နေတယ်လို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဝင်းကြိုင်(ကျောင်းကုန်း)
8 months Ago

June 24, 2020

စစ်ကိုင်းတိုင်းတွင်  Mask မတပ်သူများကို အရေးယူမှု တစ်လအတွင်း ၂၇၀၀ ကျော်ရှိ

စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ နေအိမ်ကနေ အပြင်ထွက် သွားလာသူတိုင်း မဖြစ်မနေ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ကြဖို့ မေလ တတိယပတ်မှာ တိုင်းအစိုးရက အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ ပညာပေးကာလကိုလည်းလုပ်ဆောင်ခဲ့ပြီး မေလ နောက်ဆုံးပတ်ကနေ စတင်ကာ ဖမ်းဆီးအရေးယူမှုတွေကို ဆောင်ရွက်ခဲ့တာမှာ မေလ ၂၅ ရက်မှ ဇွန်လ ၂၃ ရက်နေ့ထိ တစ်လတာကာလအတွင်း Mask မတပ်လို့ ဖမ်းဆီးအရေးယူမှု ၂၇၈၅ မှုရှိခဲ့ပါတယ်။ အရေးယူမှုတွေအရ အမျိုးသား ၂၃၄၂ ဦး၊ အမျိုးသမီး ၇၄၂ ဦး စုစုပေါင်း ၃၀၈၄ ဦးရှိခဲ့ပြီး အမှုအရေအတွက်အရ စစ်ကိုင်းတိုင်းအတွင်း ဝက်လက်မြို့နယ်က ၈၇ မှုနဲ့ အများဆုံးဖြစ်ပါတယ်။ Mask မတပ်လို့ အရေးယူတာက ထိရောက်မှု နည်းပါးတဲ့အတွက် ဖမ်းဆီးမှုတွေကိုလျှော့ချလိုက်ပြီး တခြားနည်းလမ်းစဉ်းစားနေတယ်လို့ စစ်ကိုင်းတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။ "ဖမ်းတယ်။ အရေးယူတယ်။ ဒါပေမဲ့ ပြည်သူတွေ လိုက်နာမှုက အားနည်းတယ်။ ပြည်သူတွေ ထိခိုက်မှုပဲများတယ်။ အဖမ်းခံရရင် ဒဏ်ငွေဆောင်ရတာ၊ အချိန်ကုန်တာရယ်နဲ့ ထိရောက်မှုအားနည်းလို့ တခြားနည်းလမ်းစဉ်းစားနေတယ်။ အရင်ကလည်း Mask တွေဈေးကြီးတယ်ဆိုလို့ အလကားဝေတာတွေလည်း လုပ်ခဲ့တယ်။ တခါ အပြစ်ပေးအရေးယူတဲ့စနစ်နဲ့လည်းလုပ်တယ်။ လိုက်နာမှုက အားနည်းတယ်။ အခုဆို လူတိုင်းလက်လှမ်းမှီတဲ့ဈေးနဲ့ လွယ်လွယ်ကူကူ ဝယ်လို့လည်း ရနေပြီ။ ရောဂါဖြစ်ပွားမှုက ခပ်ကြဲကြဲဖြစ်တော့ ပေါ့ပေါ့တန်တန်သဘောထားတဲ့သဘောလည်း ရှိတယ်။"လို့ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။ ကိုဗစ်ကပ်ဘေးကာလအတွင်း စစ်ကိုင်းတိုင်းမှာ အရေးယူမှုအနေနဲ့ Mask မတပ်လို့ အရေးယူတာအပြင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ၂၄ မှု၊ ၃၇ ဦး၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ ဧပြီလ ၂၄ ရက်နေ့ကနေ ဇွန်လ ၆ ရက်နေ့ထိ ၁၇ မှု၊ ၂၂ ဦး၊ ဆက်စပ်တရားစွဲဆိုမှု ၃၁ မှု၊ ၅၉ ဦး၊ ညမထွက်ရအမိန့်ကျုးလွန်လို့ အရေးယူမှု ၅၇မှု၊ ၁၇၄ ဦးထိ ရှိနေပါတယ်။  စစ်ကိုင်းတိုင်းအတွင်း ညမထွက်ရအမိန့်နဲ့ အပြင်ထွက်တိုင်း Mask တပ်ဖို့ စည်းကမ်းချက် အပါအဝင် တခြားအမိန့်ညွှန်ကြားချက်တွေကို ဇွန်လ ကုန်အထိ တိုးမြှင့်ထားပါတယ်။ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေ လိုက်နာစေဖို့ သက်ဆိုင်ရာ အောက်ခြေအဆင့်ဆင့်ကိုလည်း ညွှန်ကြားဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ပြောဆိုပါတယ်။
10 months Ago
More News
Up