နှာခေါင်းစည်းဝတ် ဆန္ဒပြ

March 17, 2020

ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်နေချိန် ပွဲကန်ခိုင်းသဖြင့် ဘရာဇီးကလပ် နှာခေါင်းစည်းဝတ် ဆန္ဒပြ 

နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်မားနေပြီး စိုးရိမ်နေကြချိန်မှာ  ဘောလုံး ပွဲယှဉ်ပြိုင်စေခဲ့တဲ့ပေါ် ဘရာဇီးကလပ် ဂရီမီယို အသင်းသားတွေက ဆန္ဒပြတဲ့အနေနဲ့ ကွင်းထဲကို နှာခေါင်းစည်းတွေ ဝတ်ဆင်ကာ ဝင်ရောက်ခဲ့ကြပါတယ်။ ဒီဆန္ဒပြ ကစားသမားတွေကို အသင်းနည်းပြ ရီနာတိုပေါ်တာလူပီက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ကစားသမားတွေဟာ နှာခေါင်းစည်းတွေနဲ့ ဥမင်ထွက်က ထွက်ပေါ်လာကာ ပွဲမကစားခင် တန်းစီမှုကိုလည်း နှာခေါင်းစည်းတွေနဲ့အတူ ပြုလုပ်သွားခဲ့ပါတယ်။  ဆာအိုလူဝစ္စအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ကစားသမားတွေဟာ ဒီလို ဆန္ဒပြခဲ့ကြတာပါ။ “ကစားသမားတွေရဲ့ ဆန္ဒပြမှုဟာ ပြိုင်ပွဲကို ခေတ္တရပ်ဆိုင်းရေးအပေါ် ထောက်ခံမှုကို ပြသခဲ့တာဖြစ်ပြီး အခုချိန်မှာ  လူ့အသက်တွေကို ကာကွယ်ရမှာ ဖြစ်ပါတယ်” လို့ ဂရီမီယိုအသင်းဒါရိုက်တာ ပေါ်လိုလုဇ်က ပြောပါတယ်။ ဒီပွဲစဉ်ကို ပရိသတ်တွေမပါဘဲ ကွင်းပိတ်ကစားခဲ့တာ ဖြစ်ပြီး ဂူချိုပြည်နယ် ချန်ပီယံရှစ်ပွဲစဉ်မှာ ဂရီမီယိုအသင်းက သုံးဂိုး နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲမတိုင်ခင်မှာ နှာခေါင်းစည်းတွေနဲ့ ဆန္ဒပြခဲ့တာ ဖြစ်ပေမယ့် ပွဲကစားချိန်မှာတော့ ဒီနှာခေါင်းစည်းတွေကို ဝတ်ဆင်ခဲ့ခြင်းတော့ မရှိပါဘူး။  “ကမ္ဘာကြီးတခုလုံးက ရပ်တန့်နေချိန်မှာ ဘရာဇီး ဘောလုံးလောကကရော မရပ်တန့်သင့်ဘူးလား။ ကျနော်တို့ရဲ့ အခုလုပ်ရပ်ဟာ တာဝန်ရှိသူတွေကို မက်ဆေ့ချ်ပေးချင်တာ ဖြစ်ပြီးတော့ သူတို့ နားထောင်နေလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကောင်းမွန်တဲ့အရာတွေ ဖြစ်ပေါ်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ နည်းပြဖြစ်သူ ပေါ်တာလူပီက ပြောပါတယ်။ ဂရီမီယို ကစားသမားတွေရဲ့ ဆန္ဒပြမှုဟာ သက်ဆိုင်ရာ ဘောလုံးပွဲတာဝန်ရှိသူတွေရဲ့ ပြိုင်ပွဲတွေကို ပရိသတ်မပါဘဲ ဆက်လက်ယှဉ်ပြိုင်ကြဖို့ ဆုံးဖြတ်ချက်အပေါ် တောင်အမေရိကတလွှားက ဘောလုံးအသင်းတွေဘက်က ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။  ဒီဖြစ်ရပ်အပြီး တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က အမျိုးသားအဆင့်ပြိုင်ပွဲတွေ အားလုံးကို ရပ်နားလိုက်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပေမယ့် ပြည်နယ်အဆင့်ပွဲစဉ်တွေကို ရပ်နားမလား၊ ဆက်ကစားမလား ဆိုတာကတော့ ဒေသဆိုင်ရာ အဖွဲ့ချုပ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သက်ဆိုင်တယ်လို့ ပြောပါတယ်။ အာဂျင်တီးနားနိုင်ငံမှာလည်း ရေးဗားပလိတ်အသင်းဟာ အက်သလက်တီကို တူကူမန်းအသင်းနဲ့ စူပါလီဂါဖလားပွဲစဉ်ကို ကစားဖို့ ငြင်းဆန်ခဲ့ပြီး ကွင်းကို ပိတ်ပစ်ခဲ့ကာ ပြိုင်ဘက်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကွင်းပြင်ပမှာပဲ နေစေခဲ့တယ်လို့ သိရပါတယ်။
2 years Ago
Up