နှမ်းခါးရွာ

October 3, 2021

နတ်မောက် မိုင်တဲလ်တိုင်များအနီး စစ်တပ်ကမိုင်းထောင်၊ နှမ်းခါးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်

မကွေးတိုင်း နတ်မောက်မြို့နယ် မိုင်တဲလ်တာဝါတိုင်တွေနားမှာ အောက်တိုဘာ ၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းထောင်နေပြီး ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးကျေးရွာကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်မောက်မြို့နယ် ဒေသခံတစ်ဦးက “PDF တွေက မိုင်တဲလ်တာဝါတိုင်တွေကို ဖောက်ခွဲနေတော့ စစ်ကောင်စီအဖွဲ့က တာဝါတိုင်တွေပတ်လည်မှာ မိုင်းတွေထောင်ထားတယ်။ ဖြစ်နိုင်ရင်တော့ မိုင်တဲလ်တာဝါတိုင်တွေနားကို ဆိတ်ကျောင်း၊ နွားကျောင်းသွားတဲ့လူတွေ မသွားကြဖို့ အုပ်ကြီးကလည်း  ပြောနေတယ်” လို့ ပြောပါတယ်။

စက်တင်ဘာလက နတ်မောက်မြို့နယ်မှာ မိုင်တဲလ်တာဝါတိုင် ၂ ခု ‌ဗုံးခွဲ ဖျက်ဆီးခံခဲ့ရ တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းကလည်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာထဲကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လူမရှိတဲ့ ဒီရွာထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ တရွာလုံးက ရွာသားတွေလည်း ဘေးက တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရတာ လချီနေပြီ။ သူတို့ပစ်တဲ့ လက်နက်ကြီး ကျည်တွေ စစ်ရှောင်စခန်းတွေနားအထိ ရောက်လာတော့ ထပ်ပြေးကြရတာပေါ့”လို့ သူက ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နှမ်းခါးကျေးရွာကို မီး ၃ ကြိမ် ရှို့ခဲ့တာကြောင့် လူနေအိမ်အလုံး ၆၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

3 weeks Ago

September 30, 2021

နှမ်းခါးရွာကို အကြမ်းဖက်စစ်တပ်က တတိယအကြိမ်မီးရှို့၊ နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ အကြမ်းဖက်စစ်တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးခဲတယ်လို့ သိရပါတယ်။

နှမ်းခါးကျေးရွာကို စက်တင်ဘာ ၂၉ ရက် မနက် ၁၁ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်အုပ်စုတွေဟာ အင်အား ၈၀ လောက်နဲ့ ခြေလျင်ဝင်ရောက်ပြီး သေနတ်တွေ ပစ်ဖောက်ကာ နေအိမ်တွေကို တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာလို့ ရွာခံတစ်ယောက်က DVB ကို ပြောပါတယ်။

ဒါ့အပြင် ဘုန်ကြီးကျောင်းမှာရှိနေတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားပြီးဆော့ ဘယ်ကို ခေါ်သွားလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ နှမ်းခါးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့က ပထမအကြိမ် နေအိမ် ၃၆ လုံးနဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ဒုတိယအကြိမ် နေအိမ် ၁၆ လုံး ပျက်စီးရှုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်တာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေနေကြရပြီး နေအိမ်မှာ ကျန်ခဲ့တဲ့ ငွေကြေးတွေ၊ ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာတွေကိုပါ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

3 weeks Ago
More News
Up