နှစ် ၂၀

February 15, 2020

ကိုဆိုဗိုနှင့် ဆားဗီးယား နှစ် ၂၀ ကြာ ရပ်ဆိုင်းထားသည့် ရထားခရီးစဉ် ပြန်ပြေးဆွဲမည်

ဆားဗီးယားကနေ ခွဲထွက်ခဲ့တဲ့ ကိုဆိုဗိုနဲ့ ဆားဗီးယားတို့အကြား ဆယ်စုနှစ်နှစ်ခုကြာ ရပ်ဆိုင်းထားတဲ့ ရထားပြေးဆွဲရေး ပြန်စတင်ဖို့ ဖေဖော်ဝါရီ ၁၄ ရက်က နှစ်နိုင်ငံ လက်မှတ်ရေးထိုးပါတယ်။ ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စေ့စပ်ညှိနှိုင်းချက်အရ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ လုပ်တဲ့ မြူးနစ်လုံခြုံရေးကွန်ဖရင့်မှာ ကျင်းပတာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာက အမေရိကန်သမ္မတထရမ့်ဟာ သံအမတ်ကြီး ရစ်ချက်ဂရန်နဲကို ဆားဗီးယားနဲ့ ကိုဆိုဗိုအစိုးရတို့အကြား ဆွေးနွေးပွဲတွေမှာ အထူးသံတမန် ဆောင်ရွက်ဖို့ ခန့်အပ်ပါတယ်။  ၂၀၂၀ ဇန်နဝါရီက နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းပို့ဆောင်ရေး စတင်ခဲ့ပြီးနောက်မှာ အခုလို ရထားပြေးဆွဲရေး ပြန်စတင်ဖို့ သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို ဆားဗီးယားသမ္မတက နောက် ၁၀ နှစ်လောက် ဒေသ တည်ငြိမ်စေမယ့် လုပ်ရပ်လို့ ပြောပေမယ့် ကိုဆိုဗိုသမ္မတကတော့ ဒါဟာ ဒေသကြီးတခုလုံးရဲ့ လိုအပ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဆားဗီးယားကနေ ခွဲထွက်ပြီး ၂၀၀၈ ခုနှစ်မှာ တဖက်သတ်လွတ်လပ်ရေး ကြေညာခဲ့တဲ့ ကိုဆိုဗိုကို အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၁၀ ကျော်က အသိမှတ်ပြုပေမယ့် ဆာဗီးယား၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကတော့ အသိအမှတ်မပြုပါဘူး။
1 year Ago
Up