နှစ်သစ်မတိုင်မီ

December 17, 2020

အီးယူနိုင်ငံများတွင် နှစ်သစ်မတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် စီစဉ်

အမေရိကန်နဲ့ဗြိတိန်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေး ထိုးတာတွေစခဲ့ပြီးတဲ့ နောက် ဥရောပသမဂ္ဂမှာ ဒေသန္တရဆေးဝါးစည်းကြပ်သူတွေက နှစ်သစ် မတိုင်မီ ကာကွယ်ဆေး စတင် ထိုးနှံနိုင်ဖို့ အရှိန်မြှင့် ကြိုးစားနေပါတယ်။ အမေရိကန်ကုမ္ပဏီ ဖှိုက်ဇာနဲ့ ဂျာမနီကုမ္ပဏီ ဘိုင်အိုအန်တက်ခ်တို့ ထုတ်ထားတဲ့ ကာကွယ်ဆေးကို အကဲဖြတ်ဖို့ ပညာရှင်အုပ်စုက ဒီဇင်ဘာ ၂၁ရက်မှာ ဆွေးနွေးမယ်လို့ ဥရောပ ဆေးဘက်ဆိုင်ရာအေဂျင်စီ (EMA)က ပြောပါတယ်။   EMA  ရဲ့ လုပ်ပိုင်ခွင့်ဟာ ဆေးကုထုံး အသစ်တရပ်ကို ထောက်ခံချက် ထုတ်ပေးဖို့ပါ။  EMA ရဲ့ အကြံဉာဏ်ကို ယူပြီး အတည်ပြုတာကိုတော့ ဥရောပကော်မရှင်က အပြီးသတ် ဆုံးဖြတ်ပါတယ်။  ကုမ္ပဏီတွေက အချက်အလက်တွေကို တောင်းထားတဲ့အတိုင်း ထပ်ပေးခဲ့ပြီးပြီ ဖြစ်လို့ EMA ရဲ့ ပညာရှင်များ အစည်းအဝေးကို ရှေ့ဆက်ကာ ဥရောပကော်မရှင်ကလည်း ရက်ပိုင်း အတွင်း အတည်ပြု ဆုံးဖြတ်ပေးဖို့ လုပ်ငန်းစဉ်ကို အမြန်လမ်းကြောင်းပေါ် တင်ပြီး လုပ်ဆောင် လိမ့်မယ်လို့ EMA က ပြောပါတယ်။  ဂျာမနီအစိုးရကတော့ ဥရောပသမဂ္ဂဆီက အတည်ပြုချက် ရပြီးတာနဲ့ ၂၄ နာရီကနေ ၇၂ နာရီ အတွင်း ကာကွယ်ဆေး ထိုးတာကို စနိုင်ပြီး ခရစ်စမတ်လောက်မှာ အစောဆုံး စနိုင်မယ် လို့ ကျန်းမာရေးဝန်ကြီးက  ပြောပါတယ်။  ဂျာမန်၊ ပြင်သစ်၊ အီတလီနဲ့ တခြားဥရောပ ငါးနိုင်ငံဟာ ကာကွယ်ဆေး ထိုးနှံတဲ့ လုပ်ငန်းတွေ စတင်ရာမှာ ညှိနှိုင်း ဆောင်ရွက်မယ်လို့ ကျန်းမာရေးဝန်ကြီးတွေက ဒီဇင်ဘာ ၁၅ ရက်မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 
4 months Ago
Up