နှစ်သစ်ကူးနေ့

January 27, 2022

ဖေဖော်ဝါရီ ၁ ရက် တရုတ်နှစ်သစ်ကူးနေ့ ဈေးဆိုင်များဖွင့်ခိုင်းသဖြင့် တရုတ်ဆိုင်ရှင်များအခက်ကြုံ

လာမယ့် ဖေဖော်ဝါရီ ၁ ရက် တရုတ်နှစ်သစ်ကူးနေ့မှာ  စစ်ကောင်စီက ဈေးဆိုင်တွေကို အတင်းအကျပ် ဖွင့်ခိုင်းနေတဲ့အတွက် တနင်္သာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ တရုတ်လူမျိုး ဈေးဆိုင်ပိုင်ရှင်တွေ အခက်အခဲနဲ့ ကြုံတွေ့ နေကြရပါတယ်။ 

မြိတ်မြို့က ဈေးဆိုင်ပိုင်ရှင်အများစုဟာ တရုတ်လူမျိုးတွေပိုင်ဆိုင်တဲ့ ဈေးဆိုင်တွေဖြစ်ကြပြီး ပိတ်တဲ့ဆိုင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီက ခေါ်ယူ သတိပေးခဲ့တာကြောင့် နှစ်စဉ်နှစ်တိုင်း ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဈေးဆိုင်ပိတ်ပြီး ကျင်းပလေ့ရှိတဲ့ ဆိုင်ပိုင်ရှင်တွေ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။ 

အခုနှစ်မှာတော့ တရုတ်နှစ်သစ်ကူးနေ့ဟာ စစ်တပ်အာဏာသိမ်းမှု  ၁ နှစ်ပြည့်ချိန် ပြည်သူလူထုက အသံတိတ်သပိတ် Silence Strike  ပြုလုပ်ဆန္ဒပြကြမယ့်နေ့နဲ့လည်း တိုက်ဆိုင်နေတာကြောင့် မြိတ်မြို့မှာရှိတဲ့ တရုတ်ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့ အခက်အခဲတွေ့နေကြတယ်လို့လည်း ဆိုပါတယ်။

မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က မြိတ်မြိုကားဝင်းအတွင်းမှာရှိတဲ့ ဈေးဆိုင်ပိုင်ရှင်တချို့ကို ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက မြိတ်မြို့စုပေါင်းရုံးမှာ အစည်းအဝေးခေါ်ယူပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပိတ်ထားတဲ့ဈေးဆိုင်တွေကို ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ သတိပေးခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင်  ဇန်နဝါရီ ၂၆ ရက် ညပိုင်းမှာလည်း မြိတ်မြို့နယ်ထဲက ရပ်ကွက်တွေထဲကို ဈေးဆိုင်တွေမပိတ်ဖို့နဲ့ ည ၇ နာရီနောက်ပိုင်းအပြင်မထွက်ဖို့ကို လိုက်လံ သတိပေးမှုနေတယ်လို့ မြိုခံတွေက ဆိုပါတယ်။ 

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူလူထုတွေက အသံတိတ်သပိတ်  Silence Strike နဲ့ ဆန္ဒပြကြမှာဖြစ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပါဝင်ဆောင်ရွက်ကြဖို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နှိုးဆော်ရေးသားပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အခုလို ဆိုင်တွေဖွင့်ဖို့ သတိပေးတာတွေ လိုက်လံပြုလုပ်နေတာလည်းဖြစ်ပါတယ်။  

ဒါပေမဲ့ တရုတ်လူမျိုးတွေပိုင်ဆိုင်တဲ့ ဈေးဆိုင်အများစုကတော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဈေးဆိုင်တွေပိတ်ပြီး နှစ်သစ်ကူးပွဲတော်ကို ကျင်းပသွားမယ်လို့  ပြောပါတယ်။

10 months Ago

January 2, 2021

ဧရာဝတီတိုင်းတွင် နှစ်သစ်ကူးနေ့ အမှုပေါင်း ၅၆ မှုရှိခဲ့ဟု တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူပြော

ဧရာဝတီတိုင်းမှာ နှစ်သစ်ကူးနေ့ အမှုပေါင်း ၅၆ မှုရှိခဲ့ပြီး အမှုကြီးမရှိကြောင်း တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်ရဲ့ နောက်ဆုံးညမှာ အမှုကြီးဖြစ်ပွားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ တိုင်းအတွင်းက လူစည်ကားတဲ့နေရာတွေမှာ လှည့်ကင်းဆောင်ရွက်တာတွေနဲ့ ရပ်ကွက်တွေ ရဲ့ ဝင်ထွက်တဲ့နေရာတွေမှာ ပူးပေါင်းအဖွဲ့တွေနဲ့ တုတ်၊ ဓား လက်နက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တာကြောင့် ခိုက်ရန်ဖြစ်ပွားတာမျိုးလည်း မရှိဘူးလို့ တိုင်းရဲတပ်ဖွဲ့တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ “နှစ်သစ်ကူးနေ့မှာ အမှုကြီးဖြစ်ပွားတာမျိုး မရှိပါဘူး၊ အခြားမှု ၈ မှုနဲ့ ကြိုတင်ကာကွယ်မှု ၄၈ မှုတော့ ရှိခဲ့ပါတယ်။” နှစ်သစ်ကူးနေ့မှာ အမှုကြီး ဖြစ်ပွားတာမျိုးမရှိပေမဲ့ ကွာရန်တင်းစင်တာမှာ ဖျော်ဖြေရင်း ခိုက်ရန်ဖြစ်ပွားတာမျိုး ရှိသလို ကက်ဆက်ဖွင့်ထားတဲ့ နေအိမ်ပေါ် ဓားနဲ့ တက်ခုတ်တာမျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။ ခုလိုမျိုး မှုခင်းဖြစ်ပွားမှု လျော့နည်းအောင် ရဲတပ်ဖွဲ့ရဲ့ ပုံမှန်လှည့်ကင်းတွေအပြင် နှစ်သစ်ကူးညအတွက် ရဲတပ်ဖွဲ့ဝင်အင်အား သီးခြားရွေးထုတ်ပြီး ပူးပေါင်းအဖွဲ့ဝင်တွေနဲ့ ပိတ်ဆို့ ရှာဖွေတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၀ ဦးထိ တွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up