နှစ်သင်း

January 27, 2020

မန်ချက်စတာ နှစ်သင်း ဂိုးပြတ်နိုင်ပြီး လီဗာပူး သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ ဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူနိုက်တက်တို့ ဂိုးပြတ်အနိုင်ရပြီး လီဗာပူးအသင်း သရေကျသွားပါတယ်။ မနေ့ည အစောပိုင်းပွဲစဉ်မှာတော့ မန်ချက်စတာစီးတီးအသင်းက အိမ်ကွင်းမှာ ဖူဟမ်အသင်းကို ၄ ဂိုး ပြတ် အနိုင်ရရှိခဲ့ပါတယ်။ ပွဲစစချင်း ၆ မိနစ်မှာပဲ ဧည့်သည် ဖူဟမ်အသင်းက ကစားသမားတယောက် အထုတ်ခံရလို့ တယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ ဂျီးဆပ်က ၂ ဂိုး၊ ဘာနာဒိုဆေးဗားက ၁ ဂိုးနဲ့ ဂွန်ဒိုဂန် ၁ ဂိုးသွင်းယူခဲ့တာပါ။ အခြားပွဲစဉ်တခုမှာတော့ မန်ယူနိုက်တက်က အသင်းငယ် ထရမ်မဲ ရိုဗာအသင်းကို ၆ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ထရမ်မဲ ရိုဗာအသင်းရဲ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူပြီး ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ မန်ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကိုတော့ မက်ဂွိုင်းယား၊ ဒဲလော့၊ လင်ဂတ်၊ မာရှယ်၊ ဖီးလ်ဂျုံးနဲ့ ဂရင်းဝုဒ်တို့က သွင်းယူခဲ့တာပါ။ မနေ့ည အက်ဖ်အေဖလား နောက်ဆုံးပွဲစဉ်မှာ အသင်းကြီး လီဗာပူးက ရှောဘူရီအသင်းနဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ဧည့်သည် လီဗာပူးအသင်းဟာ အဓိက ကစားသမားတွေကို အနားပေးပြီး အရန်လူငယ်တွေနဲ့ ပွဲထုတ်ကစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ လီဗာပူအသင်းအတွက် ဂိုးတွေကိုတော့ ဂျုံးက ၁ ဂိုးနဲ့ တဖက်ကစားသမား ဒွန်နယ်က ကိုယ့်ဂိုးကို ၁ ဂိုး သွင်းယူခဲ့တာပါ။ ရှောဘူရီအတွက် ဂိုးတွေကိုတော့ ဂျက်ဆန်က ၂ ဂိုးလုံး သွင်းယူခဲ့တာပါ။ သရေကျသွားတဲ့အတွက် ဒုတိယအကျော့ကို လီဗာပူးအသင်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။
1 year Ago
Up