နှစ်ဖက်တပ်

June 17, 2020

အိန္ဒိယ-တရုတ်နယ်စပ်တွင် နှစ်ဖက်တပ်များ အချင်းများပြီး အိန္ဒိယတပ်ဖွဲ့ဝင် ၂၀  သေဆုံး

အိန္ဒိယနဲ့ တရုတ်နယ်စပ် လာဒက်ဒေသမှာ  နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား အချင်းများခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင် အယောက် ၂၀  သေဆုံးတယ်လို့ အိန္ဒိယဘက်က ဇွန်လ ၁၆ ရက်မှာ ပြောပါတယ်။ ပဋိပက္ခအတွင်း သံတုတ်တွေ၊ ကျောက်ခဲတွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး နှစ်ဖက်စလုံးမှာ အသေအပျောက်ရှိခဲ့ကာ  သေနတ်ပစ်ခတ်တာ မရှိဘူးလို့ အိန္ဒိယအစိုးရ သတင်းရင်းမြစ်က ပြောပါတယ်။ ဇွန်လ ၁၅ ရက်က ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွက် အိန္ဒိယနဲ့ တရုတ် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။ ပဋိပက္ခဖြစ်ရာ နေရာကနေ နှစ်ဖက်စလုံး  ဆုတ်ခွာခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒီပဋိပက္ခမှာ  နှစ်နိုင်ငံ သဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။  ဒါဟာ ဟိမဝန္တာအနောက်ခြမ်းဒေသမှာ သီတင်းပတ်ကြာ ပဋိပက္ခကနေ တင်းမာမှုကြီး ဖြစ်လာတာပါ။ အခု ပဋိပက္ခဟာ ၁၉၆၇ အိန္ဒိယ-တရုတ် နယ်စပ် ပဋိပက္ခ နောက်ပိုင်း ပထမဆုံး ဖြစ်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနဲ့ ဒုတိယ အများဆုံး နှစ်နိုင်ငံအကြား ကျယ်ပြောလှတဲ့နယ်စပ်တလျှောက် နယ်စပ် အငြင်းပွားမှုကို မဖြေရှင်းနိုင်သေးဘူးလို့ ရိုက်တာသတင်းက ရေးပါတယ်။
1 year Ago

May 3, 2020

တောင်နှင့်မြောက်ကိုရီးယားနယ်စပ်တွင် နှစ်ဖက်တပ်များ အပြန်အလှန်ပစ်ခတ်

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်က တောင်ကိုရီးယားနယ်ခြားစောင့် စခန်းနားမှာ မေ ၃ ရက် အစောပိုင်းက ၂ နိုင်ငံတပ်တွေ အပြန်အလှန် သေနတ်နဲ့ ပစ်ခဲ့ကြပါတယ်။  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ၃ ပတ်ကြာ လူထုရှေ့ကနေ ပျောက်နေရာက စက်ရုံဖွင့်ပွဲကို လာလည်ပတ်တာကို အစိုးရမီဒီယာက ထုတ်လွှင့်ပြီးနောက်နေ့မှာ ၂ နိုင်ငံကြား တင်းမာမှု ပြန်တိုးလာတာလည်း ဖြစ်ပါတယ်။  ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၁ မိနစ်မှာ နယ်စပ်နားက တောင်ကိုရီးယား အစောင့်စခန်းဆီ မြောက်ကိုရီးယားဘက်ကနေ သေနတ်နဲ့ အကြိမ်အတော်များများ ပစ်ခတ်ခဲ့ တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။  တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားဘက်ကို သေနတ် ၂ ချက် ပြန်ပစ်ခဲ့ပြီး ဒဏ်ရာရသူ ရှိ မရှိ မသိရပါဘူး။  မြောက်ကိုရီးယားခေါင်းဆောင် ကင်ရဲ့ ကျန်းမာရေးနဲ့ သူဘယ်ရောက်နေလဲဆိုတဲ့ ထင်မြင်ယူဆချက်တွေ သီတင်းပတ်ချီ ထွက်ပေါ်လာအပြီး ကင်ဟာ ဓာတ်မြေသြဇာ စက်ရုံ တည်ဆောက်ပြီးစီးလို့ ဖဲကြိုးဖြတ်ဖွင့်လှစ်တဲ့ အခမ်းအနား တက်ရောက်လာပုံတွေကို မြောက်ကို ရီးယားအစိုးရမီဒီယာက မေ ၂ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။  သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်တာကတော့ ပြိုင်ဘက်ကိုရီးယား ၂ နိုင်ငံကြား နောက်ဆုံး ထိပ်တိုက်တွေ့မှုပါ။ တောင်နဲ့မြောက် ကိုရီးယား ၂နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲအပြီး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပေမယ့် စစ်ပြေငြိမ်းစာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ 
1 year Ago
Up