နှစ်ပတ်လည်နေ့

June 24, 2020

ထိုင်းနိုင်ငံတွင် အကြွင်းမဲ့ဘုရင်စနစ် တော်လှန်ရေး နှစ်ပတ်လည်နေ့ တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ထိုင်းနိုင်ငံမှာ အကြွင်းမဲ့သက်ဦးဆံပိုင်ဘုရင်စနစ် ကျဆုံးစေတဲ့ ၁၉၃၂ တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဇွန် ၂၄ ရက်က နိုင်ငံတဝန်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ  ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ပါတယ်။ မကြာသေးခင်နှစ်တွေမှာတော့ ဒီမိုကရေစီ လိုလားတဲ့အုပ်စုတွေအတွက် ၁၉၃၂ တော်လှန်ရေးဟာ အထိမ်းအမှတ် ရက်စွဲတစ်ခုအဖြစ် ပေါ်ပေါက်လာပါတယ်။ မြို့တော်ဘန်ကောက်ရဲ့ ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်က ဆန္ဒပြပွဲတစ်ခုမှာ  တက်ကြွလှုပ်ရှားသူ ၃၀၊ ၄၀ လောက်က ၁၉၃၂ တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့ပါတီ ခေါင်းဆောင်တွေရဲ့ မိန့်ခွန်း ဗွီဒီယိုကို ပိတ်ဖြူကြီးပေါ် ပြန်လည်ပြသခဲ့ပါတယ်။ ပြည်သူ့ပါတီ ခေါင်းဆောင်တွေဟာ ဘုရင် ပရာယာတီပို အစိုးရကို ဖြုတ်ချပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး ဖွဲ့စည်းပုံဥပဒေကို ဦးဆောင်လမ်းညွှန်ခဲ့ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးတဲ့နိုင်ငံဖြစ်ပေမယ့် ဘုရင်  မဟာဗဂျီရာလောင်ကွန်းက ကြီးမားတဲ့အာဏာကို ကိုင်စွဲပြီး ဘုရင်ကို စော်ကားတဲ့ပြစ်မှုဟာ ထောင်ဒဏ်  ၁၅  နှစ်အထိ ကျခံနိုင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
10 months Ago

January 25, 2020

လူ ၂၅၀ ကျော်သေဆုံးခဲ့သည့် ဘရာဇီးဆည်ကျိုးပေါက်မှု နှစ်ပတ်လည်နေ့ကျင်းပ

ဇန်နဝါရီ ၂၅ ရက်ဟာ ဘရာဇီးဆည် ကျိုးပေါက်ပြီး လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့တဲ့  နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။  ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း မင်းနက်စ်ဂျဲရိုက်စ် ပြည်နယ်က ဗာလီအက်စ်အေ သတ္တုတွင်းမှာ ဆည်ကျိုးပေါက်မှု ဖြစ်ခဲ့ပါတယ်။ ဆည်ကျိုးတာကြောင့် အနီးဝန်းကျင်ဒေသတွေဆီ ရွှံရေတွေ စီးဝင်ခဲ့ပြီး ဘရူမာဂျီနို ဒေသမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရွှံ့ နွံတွေကြားထဲ အသက်ရှင်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆည်ကျိုးမှုကြောင့် ထိခိုက်သေဆုံးရသူတွေကို လျော်ကြေးပေးဖို့ ဗာလီအက်စ်အေကုမ္ပဏီ ငွေစာရင်းက ရီယယ်ငွေ ၅ ဘီလီယံကို ပြည်နယ်တရားသူကြီးက ပိတ်သိမ်းခဲ့ပါတယ်။   ဆည်ကျိုးမှုကြောင့် အနီးဝန်းကျင်ဒေသမှာ နေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာတွေလည်း ထိခိုက်ညစ်ညမ်းခဲ့ရပါတယ်။  အဲဒီနောက် ပြည်နယ်အစိုးရရှေ့နေတွေက ဗာလီအက်စ်အေ သတ္တုတွင်းကုမ္ပဏီရဲ့ စီအီးအိုဟောင်းနဲ့ တခြားလူ ၁၅ ယောက်ကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
1 year Ago
Up