နှစ်နိုင်ငံ ဆက်ဆံရေးရုံး

A d v e r t i s e m e n t With Us

June 16, 2020

နယ်စပ်ရှိ နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီး

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဇွန် ၁၆ ရက်မှာ ဖောက်ခွဲဖျက်ဆီးပစ်တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။  ပေါက်ကွဲသံကို ကြားနေရပြီး  ခေးဆောင် စက်မှုဇုန်ပေါ်မှာ မီးခိုးလုံးတွေ တက်နေတာကို တောင်ကိုရီးယား ယွန်နပ် သတင်းဌာနက ပြသခဲ့သလို ဆက်ဆံရေးရုံး  ဖောက်ခွဲဖျက်ဆီးခံရတာကို တောင်ကိုရီုးယား နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာနက  အတည်ပြုခဲ့ပါတယ်။  နှစ်နိုင်ငံ ဆက်ဆံရေးရုံး ဖျက်ဆီးခံရတဲ့ အရိပ်အယောင်တွေ့ရတယ်လို့ တောင်ကိုရီးယား စစ်ဘက် သတင်းရင်းမြစ် တစ်ခုက ရိုက်တာကို ပြောဆိုခဲ့ပြီး ပေါက်ကွဲပျက်စီးမှု တိုက်ရိုက် ထုတ်လွှင့်ချက်ကို တောင်ကိုရီးယား စစ်ဘက် အရာရှိတွေ စောင့်ကြည့်နေခဲ့ပါတယ်။ အဲဒီနောက် မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနကလည်း ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံး လုံး၀ ပျက်စီးသွားပြီလို့  ကြေညာခဲ့ပါတယ်။  မြောက်ကိုရီးယား ပြည်ပြေးအုပ်စုတွေအနေနဲ့ နိုင်ငံထဲကို ဝါဒဖြန့်စာစောင်တွေ ပေးပို့ဖို့  ကြိုးပမ်းမယ်ဆိုရင် မြောက်ကိုရီးယားစစ်တပ်က အရေးယူဆောင်ရွက်ဖို့ အသင့်ပဲလို့  နိုင်ငံပိုင်  KCNA သတင်းဌာနက ကြေညာပြီးနောက်မှာပဲ အခုလို နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲခဲ့တာပါ။ ပြည်ပြေးအုပ်စုတွေက မြောက်ကိုရီးယား ဆီပို့တဲ့  လက်ကမ်းစာစောင်တွေမှာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တာ အပါအဝင် ဝေဖန်တဲ့ သတင်းစကားတွေပါဝင်တာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆက်ဆံရေးကို ချိုးဖျက်ပစ်မယ်လို့ မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက်နေတာကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုတွေ ကြီးထွားနေပါတယ်။
9 months Ago
Up