နှစ်ထပ်အဆောက်အအုံ

September 12, 2021

မော်စကိုရှိ နှစ်ထပ်အဆောက်အုံတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်၊ ၃ ဦး သေဆုံး

ရုရှားနိုင်ငံ မော်စကိုမြို့တောင်ဘက်  ကီလိုမီတာ ၄၀၀ အကွာမှာရှိတဲ့ ဆိုလီဒါနော့စ်ကျေးရွာမှာ စက်တင်ဘာ ၁၁ ရက် မနက်အစောပိုင်းက နှစ်ထပ်အဆောက်အအုံ နေအိမ်တိုက်ခန်းတခုမှာ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ယောက် အပါအဝင် လူသုံးယောက် သေဆုံးခဲ့တယ်လို့  ဒေသဆိုင်ရာအကြီးအကဲ အီဂေါ အာတာမိုနော့ဗ်က ပြောပါတယ်။

တခြားလူခြောက်ယောက်လည်း  ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အရေးပေါ်အခြေအနေဝန်ကြီးဌာနက ၀န်ကြီး ဗာဆီလီ ရဇ်မူနော့ဗ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး TASS သတင်းအေဂျင်စီကဖော်ပြပါတယ်။ 

အဆောက်အအုံအလယ်ပိုင်းမှာ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ပြိုကျသွားတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ဒေသရုံးခွဲက ပြောပါတယ်။

အဆောက်အအုံအပျက်အစီးတွေကို ကယ်ဆယ်ရေးလုပ်သားတွေ ရှင်းလင်းနေကြပါတယ်။ အဲ့ဒီမှာ ပေးထားတဲ့ ၀န်ဆောင်မှုတွေဟာ လုံခြုံရေးလိုအပ်ချက်နဲ့ မကိုက်ညီတာကြောင့် ရာဇ၀တ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။ 

သက်တမ်းကြာနေပြီဖြစ်တဲ့ အခြေခံအဆောက်အအုံတွေနဲ့ ဓာတ်ငွေ့အသုံးပြုတဲ့ ပတ်ဝန်းကျင်မှာ လုံခြုံရေးစည်းမျဉ်းများညံ့ဖျင်းခြင်းတွေကြောင့် ရုရှားမှာ ဓာတ်ငွေ့ပေါက်ကွဲမှုက အတော်လေးအဖြစ်များပါတယ်။ 

အခုသီတင်းပတ်အစောပိုင်းကလည်း အထပ် ၉ ထပ်ရှိ တိုက်ခန်းတွဲတခုမှာ ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

2 years Ago
Up