နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့

June 3, 2020

ပုသိမ်မြို့က ကိုဗစ်-၁၉ လူနာအမှတ် ၁၉၁ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၉၁ ကို ဇွန်လ ၁ ရက်က  ဒုတိယအကြိမ်စစ်ဆေးခဲ့ရာမှာ  ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။ လူနာအမှတ် ၁၉၁ ကို ဇွန်လ ၁ ရက်နေ့က ဓာတ်ခွဲ စစ်ဆေးမှု ဒုတိယအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဇွန်လ ၂ ရက်ည ဓာတ်ခွဲရလဒ်မှာ ရောဂါပိုးမတွေ့ဘူးဆိုတဲ့ အဖြေထွက်လာတာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။ “ဒုတိယအကြိမ်စစ်တာတော့ ပိုးမတွေ့ဘူး အဖြေထွက်တယ်။ လူနာကတော့ ကျန်းမာရေးကောင်းတယ်။ ဖျားတာနာတာ မရှိဘူး။ တတိယအကြိမ်တော့ ထပ်စစ်သွားဦးမယ်” လို့ ပြောပါတယ်။ လူနာအမှတ် ၁၉၁ ဟာ မလေးရှားနိုင်ငံက ပြန်လာသူဖြစ်ပြီး မေလ ၁၉ ရက်နေ့က ရောဂါစတင်တွေ့ရှိခဲ့သူဖြစ်ကာ မေလ ၂၉ ရက်နေ့ ထပ်စစ်ချိန်မှာ ပိုးမတွေ့ပေမဲ့ စိတ်ချရအောင် ဇွန်၁ ရက်နေ့က စစ်ဆေးခဲ့တာဖြစ်ပြီး တတိယအကြိမ် ထပ်မံစစ်ဆေးသွားဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ ဧရာဝတီတိုင်းအတွင်း မလေးရှားနိုင်ငံကပြန်လာသူ နှစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး နှစ်ဦးစလုံးကို ပုသိမ်ပြည်သူ့ဆေးရုံကြီးရှိ သီးခြားကုသဆောင်မှာ ဆေးကုသပေးနေပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up