နှင်းထုပြိုကျ

January 15, 2020

ပါကစ္စတန် ကက်ရှ်မီးယားဒေသတွင် နှင်းထုပြိုကျပြီး ၅၇ ဦးထက် မနည်းသေဆုံး

ပါကစ္စတန်နိုင်ငံက ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ကျန်ခဲ့တဲ့ ၂၄နာရီအတွင်း နှင်းထုတွေ ပြိုကျလို့ လူ ၅၇ ယောက်ထက် မနည်း သေဆုံးပြီး တခြားလူတွေ ပျောက်နေတယ်လို့ အကြီးတန်း အစိုးရ အရာရှိတွေက ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။ ရွာသားအများအပြားဟာ နီးလမ်တောင်ကြားဒေသက နှင်းထုပြိုကျမှုတွေအတွင်း သောင်တင်နေတယ်လို့ ပါကစ္စတန် အရာရှိ နှစ်ဦးက ပြောပါတယ်။  “မိုးအကြီးအကျယ်ရွာအပြီးမှာ မြေပြိုတာတွေနဲ့အတူ နှင်းတွေပါ ပြိုကျခဲ့လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေဆဲဖြစ်ပြီး လူတွေ အများကြီး ပျောက်နေတယ်လို့ အစီရင်ခံထားတယ်။ သေကုန်ပြီ ထင်တယ်”လို့ အစိုးရ အရာရှိတွေထဲက တယောက်က ပြောပါတယ်။ အာရန်ကယ်ရွာမှာ ရွာသားတွေက နှင်းတွေကို တူးပြီး နှင်းထုအောက်မှာ မြုပ်နေတဲ့ လူတွေကို ကယ်ဖို့ ကြိုးစားနေတဲ့ ရုပ်သံကို ဒေသန္တရ အွန်လိုင်းမီဒီယာ တခုက ထုတ်လွှင့်ခဲ့ပါတယ်။ ပါကစ္စတန် အနောက်ပိုင်းနဲ့ ဘာလူချီစတန် ဒေသ အနောက်တောင်ပိုင်းမှာ နှင်းတွေ အကြီးအကျယ် ကျဆင်းနေလို့ တောင်ထူတဲ့ဒေသတွေ မှာ အိမ်အတော်များများ ပျက်စီးခဲ့ကာ လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၂ တုန်းကလည်း အိန္ဒိယနဲ့ နယ်စပ်က ပါကစ္စတန် စစ်ဌာနချုပ်အပေါ် နှင်းထုပြိုကျလို့ စစ်သည် ၁၂၄ ယောက်နဲ့ အရပ်သား ၁၁ ယောက်ထက် မနည်း သေဆုံးခဲ့ ဖူးပါတယ်။ 
1 year Ago
Up