နှင်းဆီပါတီ

December 7, 2022

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ဒဏ် ၆ နှစ်နှင့် ဒဏ်ငွေ ၁ သိန်း ချမှတ်

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးကျော်မြင့်ကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မ ၁၇၁ တို့နဲ့ မနေ့ နေ့လယ်ပိုင်းက ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့တာဖြစ်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တမှုကို ထောင်ဒဏ်သုံးနှစ်နဲ့ နှစ်မှု ခြောက်နှစ်၊ ဒဏ်ငွေက တသိန်း၊ လဝကဥပဒေနဲ့ စွဲထားတဲ့အမှုကိုလည်း ဒီလထဲ အမိန့်ချမယ်လို့ ကြားတယ်။”

ဦးကျော်မြင့်အနေနဲ့ လဝကဥပဒေ ပုဒ်မ ၁၃(၁) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ တို့ကို ထပ်မံ တရားရင်ဆိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာလအတွင်း အမိန့်ချနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်အထင်ပြောရရင် ဒီနှစ်မကုန်ခင် အမိန့်တွေချမယ်ထင်တယ်။ ဒါမှ လွှတ်ငြိမ်းမှာပါလာမှာ။ ကျန်တဲ့အမှုတွေလည်း ဒီလထဲ အမိန့်ချမယ်လို့ ကြားတယ်။”

မန္တလေး အိုးဘိုအကျဥ်းထောင်ကနေ ထွက်ပြေးခဲ့တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညပိုင်းက လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ချမ်းအေးသာစံမြို့နယ် တရားရုံးက ထောင်ပြေးမှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပြီးနောက် လှိုင်သာယာမြို့နယ်က တရားစွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်ဖို့ အင်းစိန်အကျဥ်းထောင်ကို ပြောင်းရွေှ့ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ဖျက်သိမ်းကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

2 months Ago

October 25, 2020

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှု ၁၈ ဘီလီယံနှင့် လွှဲငွေ ၁၁ ဘီလီယံ ထပ်မံစိစစ်တွေ့ရှိ 

နှင်းဆီပါတီဥက္ကဋ္ဌဦးကျော်မြင့်ရဲ့ ပိုင်ဆိုင်မှု ၁၈ ဘီလီယံနဲ့ လွှဲငွေ ၁၁ ဘီလီယံ ထပ်မံစိစစ်တွေ့ရှိရတယ်လို့ သမ္မတရုံးက ပြောပါတယ်။ ထောင်ပြေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (ခ) နှင်းဆီပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်ကို ထပ်မံစိစစ်ချက်တွေအရ အခုလို တွေ့ရှိရတာလို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်တဲ့ သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။ “အရင်အပတ်က စိစစ်ရေးအဖွဲ့က တွေ့ရှိတာ ပိုင်ဆိုင်မှုက ၂၃ ဘီလီယံလို့ ပြောထားတယ်။ အခု နောက်ထပ် ၁၈ ဘီလီယံ ထပ်တွေ့တော့ စုစုပေါင်း ၄၁ ဘီလီယံ ပိုင်ဆိုင်မှုတွေ့ပါတယ်။ နောက်တစ်ချက် နောက်ဆုံးငွေလွှဲတဲ့ဟာ အားလုံး ၁၆ ဘီလီယံလို့ ပြောထားတယ်။ အခု ၁၁ ဘီလီယံ ထပ်ပြီးတော့ စစ်ဆေးရရှိတယ်။ စုစုပေါင်း ၂၇ ဘီလီယံ၊ ပြောရရင်တော့ ပိုင်ဆိုင်မှုက ၄၁ ဘီလီယံ၊ ငွေလွှဲတာက ၂၇ ဘီလီယံ နောက်ဆုံးအခြေအနေ တွေ့တယ်။” ဒါ့အပြင် မြေနဲ့အဆောက်အဦ ၃ ခုကိုလည်း ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေအရ ယာယီသိမ်းဆည်းထားတယ်လို့ သိရပါတယ်။ ဦးဇော်ဌေးက “လောလောဆယ် အစိုးရအနေနဲ့ ယာယီသိမ်းဆည်းထားတဲ့နေရာ ၃ နေရာ၊ နံပါတ်တစ်က ပန်းလှိုင်အိမ်ရာက ယာယီသိမ်းဆည်းထားတယ်။ နံပါတ်နှစ်က ပြင်စာမှာရှိတဲ့ မြေနဲ့ အဆောက်အဦ ယာယီသိမ်းထားတယ်။ နောက် မှော်ဘီမှာရှိတဲ့ မြေနဲ့အဆောက်အဦ ဒီသုံးခုကိုတော့ ယာယီသိမ်းထားတယ်” လို့  ပြောပါတယ်။ ဦးကျော်မြင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ငွေရေးကြေးရေးစိစစ်တဲ့အဖွဲ့က စိစစ်ကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆက်လက်စုံစမ်းပြီး ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဦးကျော်မြင့်ကို မူလက ပုဒ်မ ၂၂၄ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး လ.၀.က အက်နဲ့ ထပ်မံတရားစွဲဆိုထားပါတယ်။
2 years Ago
More News
Up