နွေဦးတော်လှန်ရေး ရန်ပုံငွေ

December 29, 2022

တော်လှန်ရေးရန်ပုံငွေအတွက် စစ်ခေါင်းဆောင်ရုပ်ပုံပါခြေသုတ်ခုံများ ထုတ်လုပ်ရောင်းချ

နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် စင်ကာပူ၊ ကိုးရီးယားနဲ့ မြန်မာနိုင်ငံမှ တော်လှန်ရေးတက်ကြွလှုပ်ရှားသူ လူငယ်တွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မျက်နှာပုံပါတဲ့ ခြေသုတ်ခုံတွေကို  ဒီဇင်ဘာ ၂၅ ရက်က စတင်ကာ ထုတ်လုပ်ရောင်း ချပြီး  ရန်ပုံငွေရှာဖွေနေတယ်လို့ တက်ကြွလှုပ်ရှားတဲ့ လူငယ်အဖွဲ့တွေက ပြောပါတယ်။

ရန်ပုံငွေရှာဖွေပေးနေတဲ့ တက်ကြွလှုပ်ရှားသူလူငယ်အဖွဲ့တွေဖြစ်တဲ့ Five Fingers အဖွဲနဲ့ SPRING EMBRACE TEAM-S.E.T အဖွဲတို့ စုပေါင်းစီစဉ်တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီခြေသုတ်ခုံတွေကို စင်ကာပူနဲ့ ကိုရီးယားနိုင်ငံတွေမှာသာ ဝယ်ယူနိုင်သေးပြီး အခြား နိုင်ငံတွေကို တင်ပို့ရောင်းချဖို့အတွက် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ လူငယ်တွေစုပေါင်းပြီး ထုတ်လုပ်ရောင်းချတဲ့ ခြေသုတ်ခုံတွေကို မြန်မာနိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံတွေက မြန်မာပြည်သူတွေလည်း ဝယ်ယူအားပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ အဖွဲအစည်းအများအပြားက တော်လှန်ရေးအတွက် ရန်ပုံငွေတွေကို ရနိုင်တဲ့ နည်းလမ်းတွေနဲ့ ရှာဖွေပြီး လိုအပ်တဲ့ နေရာတွေကို ပြန်လည် ထောက်ပံ့ပေးနေတယ်လို့လည်း သိရပါတယ်။

3 months Ago

September 1, 2022

ဆန်ရေ ပရောဂျက် ကန်ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်၊ ၁ ဒသမ ၃ သန်းထိရရှိရန် မျှော်မှန်းထား

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား မဲလက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ စတင်ရောင်းချနေရာမှာ ၆ ရက်အတွင်းမှာပဲ လက်မှတ်စောင်ရေအားလုံး ရောင်းထွက်သွားခဲ့ကာ အမေရိကန်ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်ကိုတော့ ပန်ဆယ်လိုနဲ့အတူ တော်လှန်ရေးရန်ပုံငွေရှာဖွေရေးအဖွဲ့တွေက စီစဉ်ပြီး လက်မှတ်ရောင်းချရငွေ အားလုံးကို မတရားမှု တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့် ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“Day 6 မှာ First Target ဖြစ်တဲ့ လက်မှတ် 10,000 ပြည့်ပြည့်ဝဝ ရောင်းချနိုင်ခဲ့ပါပြီ။ ၆ရက်အတွင်း အမေရိကန်ဒေါ်လာ တစ်သန်း ရှာဖွေနိုင်ခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံသားတွေရဲ့ စုပေါင်းအင်အားနဲ့ ရက်တိုလေးအတွင်းမှာ ဒီလိုကြီးမားတဲ့ ပမာဏတစ်ခု ရှာဖွေနိုင်ခဲ့တာပါ။ လက်မှတ်ဝယ်ပြီးပါဝင်ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ၊ လက်မှတ်တွေကို အားတက်သရော ရောင်းချပေးတဲ့ CRPH OFP Fundraiser များ၊ စီမံသူများနဲ့ Individual Fundraiser များ၊ ဆန်ရေကော်မတီဝင်များ အားလုံးကို အထူးအထူး ကျေးဇူးတင်ရပါတယ်။ ကဲ… Let’s Move Forward နော် Second Target 1.3 Million ဆီ ဆက်ချီတက်ရအောင်။”

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန် ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း ကမ်ပိန်းတွေအမျိုးမျိုးလုပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုထိန်လင်းက “ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်မှာတော့ ပါဝင်ပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပိုစ့်ကဒ်လေး တွေ ပြုလုပ်ပြီး လက်မှတ်ရေးထိုးပေးမယ်လို့ ကြေညာထားပြီး ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား  မဲလက်မှတ်ကို  အောက်ပါ လင့်ခ်တွေမှာ သွားရောက်လေ့လာ ဝယ်ယူနိုင်ပါတယ်။

လက်မှတ်ဝယ်ယူရန် 👇

https://www.springsignature.net

7 months Ago
More News
Up