နွေဦးတော်လှန်ရေး ဂီတဖျော်ဖြေပွဲ

October 10, 2021

ဆောင်းဦးလှိုင်၏ဂီတဖျော်ဖြေပွဲမှ နွေဦးတော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၄ သိန်းကျော်ရရှိ

နွေဦးတော်လှန်ရေးရန်ပုံငွေ ခရီးစဉ်တလျှောက်မှာ အဆိုတော် ဆောင်းဦးလှိုင်ဟာ အခုချိန်ထိ ဂီတဖျော်ဖြေပွဲ ၈ ကြိမ် ပြုလုပ်ပြီး ရန်ပုံငွေ ဒေါ်လာ ၄ သိန်းကျော် ရရှိနေပြီလို့ သိရပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ၈ ကြိမ်မြောက် နွေဦးတော်လှန်ရေး ရန်ပုံငွေဂီတပွဲကို ဝါရှင်တန် ဒီစီ မေရီလန်းမှာ အောက်တိုဘာ၉ ရက်နေ့က ပြုလုပ်ပြီး ပရိသတ် ၄၀၀ နီးပါးလာရောက် အားပေးခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေနဲ့အတူ မြန်မာပြည်ကို ရရာနည်းနဲ့ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ သိဖို့ တော်လှန်ရေးသီချင်းတွေ အပါအဝင် သီချင်း အပုဒ်  ၃၀ ကျော် သီဆိုခဲ့ပါတယ်။

ဒီပွဲမှာ အမှတ်တရ နွေဦးတော်လှန်ရေးပစ္စည်းတွေကိုလည်း ရောင်းချခဲ့သလို အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ဂစ်တာတစ်လက်၊ ဦးထုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံအပါအဝင် ပန်းချီကား ၆ ချပ်ကိုလည်း လေလံတင်ရောင်းချခဲ့ပြီး အလှူငွေနဲ့ ရန်ပုံငွေစုစုပေါင်း ဒေါ်လာ ၈၅၀၀၀ လောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို မြန်မာပြည် နွေဦးတော်လှန်ရေး ရှေ့တန်းမှာ  ပါဝင်တိုက်ပွဲဝင်သူအားလုံးကို လှူဒါန်းသွားပါမယ်လို့ ကြေညာထားပါတယ်။

2 weeks Ago
Up