နွေဦးတော်လှန်ရေးသူရဲကောင်းများ

April 7, 2021

နွေဦးတော်လှန်ရေးသူရဲကောင်းများအတွက် ခြေလှမ်းတိုင်း ပန်းများပွင့်မည့် ဂုဏ်ပြုကမ်ပိန်းတွင် ပါဝင်နိုင်

စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြ နေကြရာမှာ ခုတခါမှာတော့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ကြတဲ့ သူရဲကောင်းတွေ အတွက် ခြေလှမ်းတိုင်း ပန်းများပွင့်မည့် ကမ်ပိန်း-"Marching Shoes Strike Campaign" မှာ ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေဟာ သူတို့ရဲ့ နောက်ဆုံး ခြေလှမ်းအထိ ခြေလှမ်းတိုင်း… ခြေလှမ်းတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တက်ကြွလှုပ်ရှားစွာ ပါဝင်ခဲ့ကြပါတယ်။

အခုလာမယ့် ဧပြီ ၈ ရက်မှာတော့ အကြွေစောခဲ့ကြတဲ့ သူရဲကောင်းတွေကို ပန်းပွင့်တွေနဲ့ ဂုဏ်ပြုရင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ဆက်လက်ချီတက်ကြမယ့် ပုံစံနဲ့ Marching Shoes Strike မှာပါဝင်ပြီး သက်သေပြလိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီသပိတ်ကို အပြင်ထွက်ရတဲ့ သူတွေရော၊ အိမ်မှာနေတဲ့ သူတွေပါ ပါဝင်နိုင်မှာ ဖြစ် ပါတယ်။ ပါဝင်လိုသူတွေအနေနဲ့ ဖိနပ်တရံရံမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ပန်းပွင့်တွေကိုထည့်ပြီး ကိုယ့်အိမ်ထဲ၊ အိမ်ရှေ့၊ ဒါမှမဟုတ် ရပ်ကွက်ထဲက လမ်းထိပ်၊ လမ်းမတွေနဲ့ လမ်းသွယ်တွေမှာ ချထားကြရမှာ ဖြစ်ပြီး တယောက်တည်းဖြစ်ဖြစ်၊ အများနဲ့ပဲဖြစ်ဖြစ် အဆင်ပြေတဲ့အချိန်မှာ လုပ်လို့ရပြီး ဓာတ်ပုံ ရိုက်ပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ #MarchingShoesStrike #WhatsHappeningInMyanmar စတဲ့ Hashtags တွေကို အသုံးပြုပြီး တင်ကြရမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လကျော်လာခဲ့ပြီဖြစ်ကာ လတ်တလော အချိန်အထိ ကျဆုံးသူပေါင်း ၅၈၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

8 months Ago
Up