နွေဦးတော်လှန်ရေး

October 16, 2021

ကျိုင်းတုံမြို့က ဆန္ဒပြကျောင်းသားလူငယ် ၃ ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရ

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့က ကျောင်းသားလူငယ် ၃ ဦးကို အောက်တိုဘာ ၁၅ ရက်နေ့က အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက  ဒီဗွီဘီကို ပြောပါတယ်။

အခု ထောင်ဒဏ်ကျခံရတဲ့ မောင်ဂျူးလီ၊ မယွန်းလဲ့နန္ဒာနဲ့ မနန်းခမ်းဖူးမြတ်တို့ ကျောင်းသားလူငယ် ၃ ဦးဟာ ဖေဖော်ဝါရီ ၁၅ ရက်က ဖမ်းဆီးခံရတာဖြစ်ပြီး ရာဇသတ်ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ထောင်တွင်းတရားခွင်ကနေ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့ သားသမီးတွေ အဖမ်းခံရတာက နှစ်လပိုင်း ၁၅ ရက်နေ့ကပါ။ ဖမ်းခံရတဲ့ ၈ လပြည့်တဲ့နေ့မှာပဲ ထောင်တွင်း အထူးတရားရုံးကနေ မြို့နယ်တရားသူကြီး ဦးကြည်ယုက ထောင် ၃ နှစ်စီ ချလိုက်တယ်” လို့  ဖမ်းဆီးခံလူငယ်တွေနဲ့ နီးစပ်သူက  ပြောပါတယ်။

‌ကျိုင်းတုံမြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးထောင်ချခံရတဲ့ လူငယ်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ဖမ်းဆီခံရစဉ်ကတည်းက အခုချိန်ထိ တွေ့ဆုံခွင့်မရ ကြသေးဘူးလို့လည်း သိရပါတယ်။

မိသားစုဝင်တစ်ဦးက “ကျနော်တို့ရဲ့ သားသမီးတွေနဲ့ မတွေ့ရတာ ရှစ်လ ရှိသွားပြီ။ စဖမ်းသွားတဲ့နေ့ကတည်းက မတွေ့ရတော့တာပဲ။ တဆင့်စကားနဲ့ ကြားရတာကတော့ သူတို့တွေ ကျန်းမာကြတယ်။ အခုလို ထောင်ချလိုက်လို့လည်း သူတို့ စိတ်ဓာတ်ကျမသွားဘူးတဲ့။ စိတ်ဓာတ်ကျတာဟာ စစ်အာဏာရှင်ကို အရှုံးပေးတာပဲဆိုပြီး ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းနေကြတယ်။ ကလေးတွေက စိတ်မာတယ်”လို့  ပြောပါတယ်။

ကျိုင်းတုံမြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ စစ်ကောင်စီက ဖမ်းဆီးထားသူ အများအပြား ရှိနေပါတယ်။  အဲဒီထဲက ဦးမြင့်စိုး၊ ဦးမိုးအောင်၊ မောင်ဂျူးလီ၊ မမီဆော (ခ)နန်းရှဲန်လာ၊ မချော (ခ)ဒေါ်ခင်မမလှိုင်၊ နန်းခမ်းဖူးမြတ်နဲ့ မယွန်းလဲ့နန္ဒာ စုစုပေါင်း ၇ ဦးဟာ ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခံထားရပါတယ်။

1 week Ago

တော်လှန်သီတင်းကျွတ်လှုပ်ရှားမှု နိုင်ငံတဝန်းပါဝင်ရန် သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း နှိုးဆော်

စစ်အာဏာရှင်ဆန့်ကျင်ရေး “တော်လှန်သီတင်းကျွတ်” လှုပ်ရှားမှုမှာ မြန်မာနိုင်ငံတဝန်းက ပြည်သူတွေအနေနဲ့ ပါဝင်ကြဖို့ မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။

“အခုဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေးဟာ အချိန်ကာလအားဖြင့် ၈ လကျော်လို့ ၉ လ တွင်းကို ချည်းနင်းဝင်ရောက်ခဲ့ပါပြီ။ ကျနော်တို့ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တစ်နေ့ တစ်ရက်မျှ အုပ်ချုပ်လို့မရဘူးဆိုတာ ဖြတ်သန်းခဲ့တဲ့ ဒီအချိန်ကာလက အကောင်းဆုံး သက်သေတည်ပြီးလည်း ဖြစ်ပါတယ်။ မျှော်ရည်ရာ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့တွေ အသံမတိတ်၊ အလံမလိပ်ဘဲ အကြမ်းဖက်အာဏာရူးတွေကို အစွမ်းကုန် ခုခံတွန်းလှန်နေကြမှာပဲ ဖြစ်ပါတယ်။”

တော်လှန်သပိတ်ကိုတော့ အောက်တိုဘာ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ပြုလုပ်သွားကြမှာ ဖြစ်ကာ ပထမနေ့မှာတော့ အွန်လိုင်းသပိတ်လှုပ်ရှားမှု လုပ်ကြမှာဖြစ်ပြီး မီးထွန်းညှိထားတဲ့ ဖယောင်းတိုင်ကို လက်တစ်ဖက်က ကိုင်၊ ကျန် လက်တစ်ဖက်က လက်သုံးချောင်းထောင်ထားတဲ့ “ဆီမီးသပိတ်”ဓာတ်ပုံရိုက် အွန်လိုင်း ပေါ်တင်တဲ့ လှုပ်ရှားမှု (Online Campaign)အနေနဲ့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့ (အောက်တိုဘာ ၂၀၊ ၂၁ ရက်)နေ့ တွေ့မှာတော့ တတိုင်းတပြည်လုံးက မြို့တိုင်းနယ်တိုင်း၊ ရွာတိုင်းရပ်တိုင်း၊ အိမ်တိုင်းမှာ တော်လှန်သီတင်းကျွတ်ဆီမီးတွေ ထွန်းညှိပြီး (မိမိတို့ ယုံကြည်ရာ ဘာသာတရားအလိုက်) ဆုတောင်းမေတ္တာပို့သကြတဲ့ လူထုလှုပ်ရှားမှုကို ဆောင်ရွက်ကြမယ်လို့ ဆိုပါတယ်။

ကျဆုံးအာဇာနည်တွေ၊ အကျဉ်းထောင်တွင်းက သူရဲကောင်းတွေ၊ တိုက်ပွဲဝင် ရဲဘော်တွေ စတဲ့ တော်လှန်ရေးမှာ ပေးဆပ်ထည့်ဝင်ကြတဲ့ ရဲဘော်ရဲဘက်တွေ အားလုံးအတွက် အောက်မေ့၊ ဂုဏ်ပြု ရည်ရွယ်တဲ့ လှုပ်ရှားမှုတခုဖြစ်တဲ့ ဒီဆီမီးသပိတ်ဟာ ဓမ္မဝါဒီတွေကို ဂုဏ်ပြုပူဇော်ခြင်းမည်သလို အဓမ္မဝါဒီတွေကို လောင်ကျွမ်းမီးတိုက်လိုက်ခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

1 week Ago

October 11, 2021

ပြည်သူ့ဘက်ရပ်တည်လာသည့် ဆေးဗိုလ်ကြီးများအဖွဲ့ ဖွဲ့စည်း

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့ တသားတည်း ရပ်တည်လာခဲ့တဲ့ ဆေးဗိုလ်ကြီးများအဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်သားမိသားစုတွေအတွက် ကျန်းမာရေးအခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့နဲ့ ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူ့ဘက်ရပ်တည်ခဲ့တာဖြစ်ပြီး ကျန်းမာရေးနဲ့ပတ်သက်ပြီး Telegram ကတဆင့် ဆက်သွယ်ဆေးကုသမှု ခံယူနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ဘက် ရပ်တည်လာတဲ့ CDM အရာရှိ၊ စစ်သည်တွေ မိသားစုဝင်တွေကိုလည်း ကြိုဆိုနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၁၆၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၈၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

2 weeks Ago
More News
Up